
ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာ ရက်ပေါင်းများစွာ ရေကြီးရေလျှံမှု အပြင်းအထန် ဖြစ်ပွားခဲ့လို့ သေဆုံးသူ ၁၃ ယောက်၊ ပျောက်ဆုံးသူ ၁၁ ယောက် ရှိခဲ့ပြီးနောက် ဟွိုင်အန်း ရှေးဟောင်းမြို့မှာ အောက်တိုဘာ ၃၁ ရက်က မြို့နေပြည်သူတွေ မြို့သန့်ရှင်းရေး လုပ်ဆောင်ခဲ့ပါတယ်။
စံချိန်တင် မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ရေကြီးမှုတွေကြောင့် အိမ်ခြေ ၁၁၆,၀၀၀ ကျော်နဲ့ သီးနှံစိုက်ခင်း ၅,၀၀၀ ဟက်တာ ရေလွှမ်းမိုးခဲ့ပြီးတော့ ကားလမ်းတွေနဲ့ ရထားလမ်းတွေလည်း ပျက်စီးခဲ့ကာ နေရာအတော်များများမှာ ယာဉ်ကြောပိတ်ဆို့မှုနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပွားခဲ့ကြောင်း အစိုးရရဲ့ ဘေးအန္တရာယ်အေဂျင်စီက ပြောပါတယ်။
ဇွန်လမှ အောက်တိုဘာလအထိ မုန်တိုင်းရာသီအတွင်း အသက်ဆုံးရှုံးမှုတွေနဲ့ ရေကြီးရေလျှံမှုတွေကို ကြုံရလေ့ရှိတဲ့ ဗီယက်နမ်နိုင်ငံဟာ ပြီးခဲ့တဲ့ရက်တွေအတွင်း မကြုံစဖူး မိုးရွာသွန်းမှု ပမာဏကို ကြုံတွေ့ခဲ့ရပါတယ်။
ရေကြီးရေလျှံမှုကြောင့် အရာအားလုံး ပျက်စီးသွားကြောင်းနဲ့ ဒီလိုရေကြီးရေလျှံမှုမျိုးဟာ ၁၉၆၄ ခုနှစ်က သမိုင်းဝင် ရေကြီးရေလျှံမှုထက်တောင် ကျော်လွန်နေပြီဖြစ်ကြောင်း ဟွိုင်အန်းမြို့ခံတွေက ပြောပါတယ်။ ရေက အရမ်းကို မြန်မြန်ဆန်ဆန် တက်လာကြောင်းလည်း ဆိုပါတယ်။
ဗီယက်နမ်အလယ်ပိုင်းမှာ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမှာဖြစ်ပြီး သောကြာနေ့အစောပိုင်းမှ နိုဝင်ဘာ ၁ ရက် စနေနေ့နှောင်းပိုင်းအထိ တချို့နေရာတွေမှာ နေ့စဉ်မိုးရေချိန် ၅၀၀ မီလီမီတာထက် ကျော်လွန်နေလိမ့်မယ်လို့ အစိုးရရဲ့ ဘေးအန္တရာယ် အေဂျင်စီက အစီရင်ခံစာတစောင်မှာ ပြောကြားခဲ့ပါတယ်။
Source: Reuters




