
ဗီယက်နမ်အလယ်ပိုင်းမှာ စံချိန်တင် မိုးသည်းပြီး ရေကြီးလို့ လူ ၉ ယောက်ထက်မနည်း သေဆုံးပြီး ၅ ယောက် ပျောက်နေတယ်လို့ အစိုးရက အောက်တိုဘာ ၂၉ ရက်မှာ ပြောပါတယ်။
သေဆုံးသူတွေထဲက ၆ ယောက်ဟာ နိုင်ငံရဲ့ အထင်ရှားဆုံး ကမ်းခြေတွေထဲက တခုဖြစ်တဲ့ ဒါနန်းနဲ့ ရှေးဟောင်းမြို့ ဟွိုင်အန်တို့က လူတွေလို့ အစိုးရက ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။
အောက်တိုဘာ ၂၈ ရက်မှာ ဗီယက်နမ်ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ ဗီဒီယိုထဲမှာ အိမ်တွေ ရေလွှမ်းနေလို့ လူတွေ အိမ်ခေါင်မိုးတွေပေါ်မှာ ပိတ်မိနေပုံတွေနဲ့ မိုးဆက်ရွာနေချိန်မှာ ကယ်ဆယ်ရေးသမားတွေက ရေဘေးသင့်ပြည်သူတွေကို ကူညီပေးနေပုံတွေ တွေ့ရပါတယ်။
ရေကြီးလို့ အိမ်ခြေ ၁၃၀,၀၀၀ ကျော် ရေလွှမ်းမိုးခံခဲ့ရပြီး အများစုက နိုင်ငံရဲ့ ထိပ်တန်းခရီးသွား နေရာတွေ ဖြစ်တဲ့ ဟွေးနဲ့ ဟွိုင်အန်တို့မှာ ဖြစ်တယ်လို့ အစိုးရရဲ့ သဘာဝဘေးအန္တရာယ်အေဂျင်စီက သီးခြားအစီရင်ခံစာ ထုတ်ပြန် ပါတယ်။
ဗီယက်နမ်ဟာ အထူးသဖြင့် ဇွန်လကနေ အောက်တိုဘာလအထိ မုန်တိုင်းရာသီအတွင်း ပျက်စီးဆုံးရှုံးတာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လေ့ရှိပြီး လူအသေအပျောက်ရှိတဲ့ မုန်တိုင်းတွေနဲ့ ရေကြီးတာတွေ မကြာခဏဖြစ်လေ့ ရှိပါတယ်။
ဗီယက်နမ်အလယ်ပိုင်းမှာ နောက် ၂ ရက်အတွင်း မိုးဆက်လက်သည်းမှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့အစောပိုင်းကနေ ကြာသပတေးနေ့နှောင်းပိုင်းအထိ တချို့နေရာတွေမှာ မိုးရေချိန် ၄၀ စင်တီမီတာ အထက်မှာ ရှိနေမယ်လို့ အစိုးရ မိုးလေဝသခန့်မှန်းရေးအေဂျင်စီက ဆိုပါတယ်။
Source: Reuters




