
ထိုင်းနိုင်ငံမှာ ခုရက်ပိုင်းတွင်း မိုးသည်းထန်ပြီး ရေကြီးရေလျှံနေတာမှာ အယုဒ္ဓယ အပါအဝင် ခရိုင် ၁၅ ခုက လူပေါင်း ၃ သိန်းကျော် ရေဘေးသင့်ခဲ့ပြီး ၁၀ ယောက် သေဆုံးသွားတယ်လို့ ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးဦးစီးဌာန (DDPM) က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၄ ရက် ဒီမနက် ထုတ်ပြန်ချက်အရ ဗိစနုလုတ်၊ ဆုခိုထိုင်း၊ ဖိကျစ်၊ နခွန်းဆဝမ်၊ ဥထိုင်းဌာနီ၊ ချိုင်းယနတ်၊ ဆင်းပူးရီး၊ အန်ထောင်း၊ ဆုဖန်းပူရီး၊ အယုဒ္ဓယ၊ ပထုန်ဌာနီ၊ နခွန်းပထုန်၊ ဥဘွန်းရာ့ချ်ဌာနီ၊ ဥဒွန်းဌာနီ၊ ချချိန်းဆောင်း စတဲ့ ခရိုင် ၁၅ ခုမှာ ရေကြီးနေပြီး မြို့နယ်ပေါင်း ၅၀၅ မြို့နယ်၊ ရပ်/ကျေး ၂,၉၅၆ ခု၊ အိမ်ထောင်စု ၁၁၆,၃၁၈ မှ ပြည်သူ ၃၈၈,၅၆၆ ယောက် ရေဘေးသင့်ခဲ့ပြီး သေဆုံးသူ ၁၀ ယောက် ရှိတယ်လို့ ဆိုပါတယ်။
သေဆုံးသူ ၁၀ ယောက်မှာ ဗိစနုလုတ်က တယောက်၊ ဖိကျစ်က တယောက်နဲ့ အယုဒ္ဓယခရိုင်မှ ၈ ယောက် ဖြစ်ပါတယ်။
အဆိုပါ ၁၅ ခရိုင်မှာ ဒီကနေ့ထိ ရေကြီးရေလျှံနေဆဲ ဖြစ်တာကြောင့် DDPM အနေနဲ့ သက်ဆိုင်ရာ နယ်မြေခံ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စက်ယန္တရားတွေနဲ့ ရေတွေစုပ်ထုတ်တာ၊ ရေနုတ်မြောင်းဖော်တာ၊ ရေထဲပိတ်မိနေသူတွေကို ရွှေ့ပြောင်းတာ၊ ရေဘေးသင့် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်တာ၊ စားနပ်ရိက္ခာ ထောက်ပံ့ကူညီရေးတွေ ဆက်လက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မိုးလေဝသဌာနရဲ့ ဒီကနေ့ မနက် ၅ နာရီ ထုတ်ပြန်ချက်အရ လာမယ့် ၂၄ နာရီတွင်း ဘန်ကောက်နဲ့ အနီးတဝိုက် အပါအဝင် အရှေ့အလယ်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မုတ်သုံလေ တိုက်ခတ်တာကြောင့် တချို့ဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်မယ်လို့ ဆိုပါတယ်။
အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်မှာ ဆက်လက်အားကောင်းနေတယ်၊ တောင်တရုတ်ပင်လယ်ပြင်က လေတွေဟာ အရှေ့မြောက်ဒေသကို ရွေ့လျားပြီး အစိုဓာတ်နဲ့ ထိတွေ့တော့ လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာ၊ မိုးသည်းထန် ရေကြီးတဲ့ အန္တရာယ်တွေ သတိထားဖို့ ထုတ်ပြန် ကြေညာထားပါတယ်။
ဒီမတိုင်ခင် ရှေ့က ထိုင်းမြောက်ပိုင်းဒေသမှာ ရေကြီးရေလျှံဖြစ်ပွားခဲ့ပြီး မြစ်ရေ ချောင်းရေတွေဟာ ထိုင်းအလယ်ပိုင်းကို ဖြတ်သန်းစီးဆင်းနေတဲ့ မယ်နန်ချောင်ဖရာနဲ့ သူ့ရဲ့မြစ်လက်တက်ထဲကို အရှိန်နဲ့ စီးဆင်းသွားကြတယ်၊ အဆိုပါ မြစ်ရေ ချောင်းရေတွေကြောင့် ဆည်ရေပြည့်လျှံပြီး ရေတံခါး ဖွင့်ချရတာတွေ ရှိခဲ့ပါတယ်။
ရေဘေးသင့်ပြည်သူတွေအနေနဲ့ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးဌာန အရေးပေါ်ဖုန်းလိုင်း ၁၇၈၄ ဒါမှမဟုတ် Line ID @1784DDPM ကို ၂၄ နာရီ ဆက်သွယ် အကူအညီတောင်းဆိုနိုင်တယ်လို့ ဆိုပါတယ်။
Source: DDPM