Home
မြန်မာသတင်း
စည်ပင်က အပင်ကြီးများခုတ်၊ ရေမြောင်းချဲ့ပြီးနောက် အိမ်ထဲရေဝင်ရောက်သည်အထိ ဖြစ်လာ
DVB
·
October 10, 2025
Yangon-flood3_09102025
Yangon-flood1_09102025
Yangon-flood2_09102025

ရန်ကုန်မြို့တော်စည်ပင်က ရေမြောင်းတွေချဲ့ဖို့ လမ်းမကြီးနဲ့လမ်းကြားဘေးဝဲယာရှိ သစ်ပင်ကြီးငယ်တွေကိုခုတ်ပြီး ရေမြောင်းတွေကိုချဲ့ထားပေမဲ့လည်း ဒီကနေ့ အောက်တိုဘာ ၉ ရက် ညနေပိုင်းက မိုးရွာသွန်းပြီးချိန်မှာ တအိမ်လုံး ရေဝင်နစ်မြှုပ်တဲ့အထိ ဖြစ်လာပါတယ်။ 

တောင်ဥက္ကလာပမြို့နယ်၊ နန္ဒဝန်ဈေးအနီးမှာ ရေမြောင်းတွေချဲ့ပြီးတဲ့နောက် နေအိမ်ထဲထိ ရေဝင်ရောက်လာတဲ့အခြေနေကို မြို့ခံတယောက်က “ရေက ပိုပြီးတော့ဝင်တာပေါ့။ အခုဒါ အရင်တုန်းက ကျနော်တို့ အဲ့လိုဝင်တာမှ မဟုတ်တာ။ ဒီလောက်ပဲခပ်ထုတ်ရတာ၊ အခုဒီလိုမျိုးဖြစ်သွားတာ။ အခုအိမ်အနောက်ထိ” လို့ ပြောပါတယ်။

မြောင်းကျယ်ကြီးတွေတူးဖို့အတွက် အိမ်ရှေ့မျက်နှာစာတွေမှာ စိုက်ပျိုးထားတဲ့ အလှပန်းပင်နဲ့ ဗန်ဒါပင်လို အရိပ်ကောင်းပြီး နှစ်ပေါင်း ၅၀ ကျော် အပင်ကြီးတွေကိုပါ ခုတ်ပြီးမြောင်းတွေ လိုက်တူးခဲ့ပေမဲ့ မြောင်းအကျယ်ကြီးတွေတူးပြီးမှ အိမ်တွေထဲကို ရေပိုပြီး ဝင်ရောက်လာတာဖြစ်ပါတယ်။ 

ဒါ့အပြင် ပြောင်းလဲလာတဲ့ မိုးရွာသွန်းမှုပုံစံကိုလိုက်ပြီး လမ်းမကြီးတွေ ပေါ်ရေမတင်အောင် ရေမြောင်းကျယ်ကြီးတွေ တူးခဲ့ပေမဲ့ ရေလမ်းကြောင်းတွေဟာ ချောင်းကျယ်ဘက်ကို တသက်လုံးစီးဆင်းနေရာကနေ ချောင်းနဲ့ဆန့်ကျင်ဘက်အရပ်ကို စီးဆင်းလာတဲ့အတွက် စည်ပင်ရဲ့မြောင်းတူးလာတဲ့ အစီအစဥ်ပေါ် ဒေသခံတွေက ဝေဖန်နေကြပါတယ်။

အောက်တိုဘာ ၉ ရက် ညနေပိုင်းမှာ မိုးရွာသွန်းပြီးတဲ့နောက် တောင်ဥက္ကလာပမြို့နယ်နဲ့ ဆက်စပ်မြို့နယ်တွေဖြစ်တဲ့ ရန်ကင်း၊ တာမွေ၊ ဗဟန်း၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်နဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာပါ လမ်းရေကျော်တာ၊ ရေဝင်ရောက်တာတွေကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေလည်းဖြစ်ပွားခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013