Home
နိုင်ငံတကာ
နိုင်းမြစ်ရေ မြင့်တက်မှုကြောင့် အီဂျစ်နှင့် ဆူဒန်တွင် ရေလွှမ်းမိုး
DVB
·
October 8, 2025
Photo: REUTERS / EGYPT TV

နိုင်းမြစ်ရေ မြင့်တက်မှုကြောင့် သီတင်းပတ်ကုန်ရက်အတွင်း အီဂျစ်မြောက်ပိုင်းရှိ နေအိမ်တွေနဲ့ စိုက်ခင်းတွေကို ရေလွှမ်းမိုးခဲ့ပြီး ဒေသခံတွေလည်း မဖြစ်မနေ လှေတွေနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။

အီသီယိုးပီးယားနိုင်ငံရဲ့ ဧရာမ နိုင်းမြစ်ရေကာတာကြီးကြောင့် ရာသီအလိုက် ရေလွှမ်းမိုးမှု ပိုဆိုးလာသလား ဆိုတဲ့အပေါ်  နှစ်နိုင်ငံ အစိုးရတွေအကြား စကားလုံးစစ်ပွဲ ပြင်းထန်လာပါတယ်။

အီသီယိုးပီးယား ကုန်းမြင့်ဒေသမှာ ဇူလိုင်လနဲ့ သြဂုတ်လတွေမှာ အများဆုံး ရွာသွန်းလေ့ရှိတဲ့ မုတ်သုံမိုးကြောင့် နိုင်းမြစ်ဟာ ရာသီအလိုက် ရေကြီးရေလျှံမှုဒဏ်ကို ကာလရှည်ကြာ ခံစားခဲ့ရတာပါ။

ဒါပေမဲ့ အခုနှစ်မှာတော့ ရာသီနှောင်းပိုင်း မိုးရေတွေဟာ အီသီယိုးပီးယားကနေ ဆူဒန်ကိုဖြတ်ပြီး အီဂျစ်နိုင်ငံ မြောက်ဘက်ကို တွန်းပို့ခဲ့ပါတယ်။

ဆူဒန်နိုင်ငံ၊ ခါတွမ်ပြည်နယ် ဘာရီမြို့မှာ ရေကြီးမှုကြောင့် မိသားစု ၁,၂၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး နေအိမ်တွေ ပျက်စီးခဲ့ရတာကြောင့် ၁၈ လကြာ စစ်ပွဲဖြစ်နေတဲ့နိုင်ငံမှာ နောက်ထပ်ဒုက္ခတွေ ထပ်တိုးနေကြောင်း ကုလသမဂ္ဂ ရွှေ့ပြောင်းနေထိုင်သူ အေဂျင်စီက ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြောပါတယ်။

အီဂျစ်နိုင်ငံရဲ့ ရေအရင်းအမြစ်နဲ့ ဆည်မြောင်းဝန်ကြီးဌာနက အီသီယိုးပီးယားဟာ သူ့ရဲ့ မဟာအီသီယိုးပီးယား ခေတ်ဆန်း ရေကာတာစီမံကိန်းကို မဆင်မခြင် တဖက်သတ် လုပ်ဆောင်နေတာလို့ စွပ်စွဲခဲ့ပြီး လွှတ်ချလိုက်တဲ့ ရေတွေဟာ စက်တင်ဘာ ၁၀ ရက်မှာ ရေကုဗမီတာ ၄၈၅ သန်းအထိ ခုန်တက်သွားခဲ့ပြီး ရေမငြိမ်သေးခင် စက်တင်ဘာ ၂၇ ရက်မှာ ရေကုဗမီတာ သန်း ၇၈၀ ထိ မြင့်တက်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

အဲဒါကြောင့် ဆူဒန်နိုင်ငံရဲ့ ရို့ဆေးရာ့ ရေတံခါးပေါ်မှာ ဖိအားတိုးလာပြီး ရေပိုရေလျှံတွေက အီဂျစ်ဘက်ကို ဆက်လက် စီးဆင်းသွားပါတယ်။

ဒေါ်လာ ၅ ဘီလီယံတန် ရေကာတာကို နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ဗဟိုချက်အဖြစ် မြင်ထားတဲ့ အီသီယိုးပီးယားက အီဂျစ်အစိုးရရဲ့ ပြောဆိုချက်တွေကို ပယ်ချခဲ့ပြီး အီဂျစ်ရဲ့ ထုတ်ပြန်ချက်ဟာ အခြေအမြစ်မရှိတဲ့ အခိုင်အမာ ပြောဆိုချက်တွေနဲ့အတူ မလိုမုန်းထားတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၄ ရက်က ထုတ်ပြန်ချက်မှာတော့ Blue Nile စီမံကိန်းကနေ ရေထိန်းညှိ လွှတ်ပေးမှုကြောင့် ရေလွှမ်းမိုးမှုဒဏ်ကို လျော့ကျစေပြီး ဒီစီမံကိန်းသာ မရှိရင် မိုးသည်းထန်စွာ ရွာသွန်းလိုက်ချိန်မှာ ဆူဒန်နဲ့ အီဂျစ်တို့မှာ သမိုင်းဝင် ပျက်စီးမှုတွေ ဖြစ်သွားလိမ့်မယ်လို့ အီသီယိုးပီးယားရဲ့ ရေနဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။

ကိုင်ရိုက ဒီရေကာတာကို စကတည်းက ခါးခါးသီးသီး ကန့်ကွက်နေတာဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့ ရာစုနှစ် အစောပိုင်းကတည်းက ရေပေးဝေရေးစာချုပ်တွေကို ချိုးဖောက်တာဖြစ်ကြောင်းနဲ့ ဒီဆည် ဖြစ်တည်မှုဟာ ခြိမ်းခြောက်မှုဖြစ်နေပြီလို့ ဆိုပါတယ်။

အောက်တိုဘာ ၂ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အီဂျစ်ဝန်ကြီးချုပ် မိုစတာဖာ မဒ်ဘိုလီက ပြောကြားရာမှာ အခုလအတွင်း ပုံမှန်ရေစီးဆင်းမှုထက် ပိုများလာလိမ့်မယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပြီး မီနူဖီယာနဲ့ အိမ်နီးချင်း ဘီဟိုင်ရာ ပြည်နယ်တွေရှိ မြေနိမ့်ပိုင်းတွေနဲ့ မြစ်ရေရိုက်ခတ်တတ်တဲ့ လွင်ပြင်တွေမှာ အလွတ်သဘော ဆောက်ထားကြတဲ့ တရားမဝင် အဆောက်အအုံတွေနဲ့ စိုက်ပျိုးရေးတွေမှာ အန္တရာယ်ရှိတယ်လို့လည်း သတိပေးထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013