
ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ နောက် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတခု ဖြစ်နိုင်ပြီး တနိုင်ငံလုံးမှာ မိုးတိမ်တောင်တွေဖြစ်ထွန်းမှုအားကောင်နေလို့ မိုးရွာလေပြင်းတိုက်တာနဲ့အတူ မိုးကြိုးပစ်၊ မိုးသီးကြွေတာ စတာတွေဖြစ်နိုင်လို့ သတိပြုကြဖို့ မိုးလေဝသဌာနက စက်တင်ဘာ ၃၀ ရက် ဒီညနေမှာ ထုတ်ပြန်ပါတယ်။
ဒီညနေ ၃ နာရီခွဲအချိန်တိုင်းထွာချက်တွေအရ ထုတ်ပြန်တာဖြစ်ပြီး တနိုင်ငံလုံးမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းမှုအားကောင်းနေလို့ အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတလျှောက်မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာ စတဲ့ မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနိုင်ကြဖို့ အကြံပြုထားပါတယ်။
ပြီးတော့ မကွေး၊ ဧရာဝတီ၊ ပဲခူးနဲ့ တနင်္သာရီတိုင်း၊ နေပြည်တော်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယားနဲ့ ကရင်ပြည်နယ်တို့က ဒေသတချို့တို့ရဲ့ မြစ်ငယ်၊ ချောင်းငယ်တွေ၊ တောင်ကျချောင်းတွေအနားနဲ့ မြေနိမ့်ပိုင်းဒေသတွေမှာ လျှပ်တပြက်ရေကြီးနိုင်ပြီး ချင်းပြည်နယ်က ဟားခါးနဲ့ ဖလမ်းခရိုင်၊ ရှမ်းပြည်နယ်က တာချီလိတ်၊ ကျိုင်းတုံ၊ မက်မန်းနဲ့ မိုင်းဆတ်ခရိုင်တို့မှာတော့ လျှပ်တပြက်ရေကြီးနိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။
နောက် ၁၂ နာရီအတွင်းမှာတော့ မကွေးတိုင်းက မင်းဘူးနဲ့ သရက်ခရိုင်၊ ဧရာဝတီ တိုင်းက ဟင်္သာတခရိုင်၊ ပဲခူးတိုင်းက ပြည်နဲ့ တောင်ငူခရိုင်၊ တနင်္သာရီတိုင်းက ထားဝယ်နဲ့ မြိတ်ခရိုင်၊ နေပြည်တော်က ဥတ္တရခရိုင်၊ ရှမ်းပြည်နယ်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပအိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လင်းခေး၊ ချင်းပြည်နယ်က မင်းတပ်၊ ရခိုင် ပြည်နယ်က မြောက်ဦး၊ ကျောက်ဖြူနဲ့ သံတွဲ၊ကယားပြည်နယ်က လွိုင်ကော်နဲ့ ဘောလခဲ၊ ကရင်ပြည်နယ်က ဘားအံ၊ မြဝတီ၊ ကော့ကရိတ်တို့မှာ လျှပ်တပြက်ရေကြီးနိုင်တဲ့အခြေအနေ မြင့်တက်နေတာကြောင့် ကြိုတင်ပြင်ဆင်ထားရမယ့်အခြေအနေလို့ ဆိုပါတယ်။
ပြီးတော့ တိုင်ဖွန်းမုန်တိုင်း ဘူအလွိုင်ကြောင့် ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ဖြစ်ပေါ်ခဲ့တဲ့ လေပွေလှိုင်းကတော့ အားပျော့ပြီး အဲဒီက အကြွင်းအကျန်တိမ်တိုက်တွေဟာ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ လေဖိအားနည်းမြှောင်တန်းအဖြစ် သွယ်တန်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
Photo : မိုးဇလ