မကွေးတိုင်း ရေနံချောင်းမြို့မှာ မိုးများပြီး စက်တင်ဘာ ၂၈ ရက်ကစလို့ ချောင်းရေကြီးတာကြောင့် လူနေအိမ်တွေပျက်စီးတာနဲ့ မြေပြိုကျတာတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေကြီးတာကြောင့် သပြေတန်းရပ်ကွက်မှာ ဆိုင်ကယ်တွေပါမျောပါတဲ့အပြင် ပင်ဝကျွန်းရွာမှာလည်း မြေပြိုလို့ ဒေသခံတွေ တရွာလုံးပြောင်းရွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ရေနံချောင်းဒေသခံတယောက်က “ဒုက္ခတွေရောက် နေကြတယ်။ အကုန်မျောပါလို့ ဖုန်းတွေ၊ ပိုက်ဆံတွေ မျောပါသွားတယ်။ စားစရာတွေတောင်မရှိကြတော့ဘူး။ အိမ်တွေလည်း ပျက်စီးတယ်”လို့ ပြောတယ်။
မိုးရွာသွန်းမှုများတာကြောင့် ရေအလုံးအရင်း ၀င်ရောက်လာပြီး ပိတ်မိနေတဲ့ဒေသခံတွေကို မီးသတ်တပ်ဖွဲ့တွေက ကူညီကယ်ဆယ်ခဲ့ရပါတယ်။
အဲဒီအပြင် ရန်ကုန်-မန္တလေးကားလမ်းမပေါ်မှာ ချောင်းတိမ်ချောင်းရေကြီးလို့ ကားတစီးယာဉ် ချောင်းကိုဖြတ်မောင်းချိန် ရေနစ်သွားခဲ့ပါတယ်။
ဒေသခံတယောက်က “ချောင်တိမ်တံတားက ကွန်ကရစ်လမ်းလည်း လမ်းတခြမ်းပါသွားတယ်။ နတ်ကန်ဦးနဲ့ ဥသျှစ်ကုန်းကြားက ပင်းချောင်းရေကြီးတာမှာလည်း တံတားကျိုးသွားတယ်။ လူအသေအပျောက်တော့ မကြားမိဘူး"လို့ ပြောပါတယ်။
ပင်းချောင်းရေကြီးတာကြောင့် ကြက်သွန်ခင်းတွေနဲ့ စိုင်ပျိုးမြေတွေ ဆုံးရှုံးသွားကြရပြီး စက်တင်ဘာ ၂၉ ရက်မှာတော့ ရေပြန်ကျသွားတယ်လို့ သိရတယ်။