
ပါကစ္စတန်အရှေ့ပိုင်းမှာ ရေကြီးမှုတွေကြောင့် လူ ၂ သန်းကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသအာဏာပိုင်တွေက ပြောပါတယ်။
ဆင့်ဒေသမှာလည်း ရေကြီးမှုတွေကြောင့် လူ ၁၅၀,၀၀၀ ရွှေ့ပြောင်းမှုတွေ ပြုလုပ်ခဲ့ရကာ လာမယ့်ရက်တွေအတွင်းမှာလည်း လူဦးရေ ဒီထက်ပိုပြီး များမှာဖြစ်တယ်လို့ အမျိုးသား ဘေးအန္တရာယ်စီမံမှု အကြီးအကဲ မာလစ်က ပြောပါတယ်။
ပါကစ္စတန်နိုင်ငံမှာ မုတ်သုံမိုးကြောင့် ဇွန်လနှောင်းပိုင်းမှာ လူဦးရေ ၉၀၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံတကာဆေးအဖွဲ့တွေက ဆိုပါတယ်။
ရာသီဥတု ပြောင်းလဲမှုတွေက ပါကစ္စတန်မှာ ဆိုးရွားတဲ့ ရေကြီးမှုတွေ ဖြစ်ပေါ်စေပြီး မိုးကြီးမှုကြောင့် မြစ်ရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒါပေမဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်တဲ့ နေရာတွေမှာ အစိုးရက ရင်းနှီးမြှုပ်နှံတာမျိုး မရှိတာကြောင့် အဆောက်အအုံတွေ သတိပေးတဲ့စနစ်တွေ မရှိတာကြောင့် အခုလို လူသေဆုံးမှု များတယ်လို့လည်း ဝေဖန်မှုတွေ ထွက်နေပါတယ်။
ရေကြီးမှုကြောင့် လယ်မြေတွေ၊ အိမ်တွေ ပျက်စီးခဲ့ပြီး ပါကစ္စတန်မှာရှိတဲ့ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းက ပိုပြီး ဆင်းရဲလာတယ်လို့လည်း မီဒီယာတွေက ဖော်ပြပါတယ်။
ပန်ဂျပ်ပြည်နယ် ရေကြီးမှုမှာဆိုရင် ဒေသခံအများစုဟာ ရေကြီးတဲ့ အန္တရာယ်ထက် ပစ္စည်းတွေ မပျက်စီးအောင် ကာကွယ်ဖို့ ရွေးချယ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က ကယ်ဆယ်ရေးလှေတစင်း အင်ဒုမြစ်အတွင်း မှောက်ခဲ့တာကြောင့် လူ ၉ ယောက် သေဆုံးခဲ့ပါတယ်။
အဲဒီလို လှေမှောက်တဲ့အဖြစ်အပျက်မျိုးကြောင့် ဂျာလာပါမှာလည်း လူ ၅ ယောက် သေဆုံးခဲ့ပါသေးတယ်။
ရေကြီးမှုတွေကြောင့် အိန္ဒိယနိုင်ငံလည်း ထိခိုက်မှုတွေရှိခဲ့ပြီး လူ ၃၀ ထက်မနည်း သေဆုံးခဲ့ကာ လူ ၃၅၄,၀၀၀ ကျော် ထိခိုက်ခဲ့ပါတယ်။
ရေကြီးမှုတွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေက သဘာဝဘေးဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ်ကလည်း သဘာဝဘေးအန္တရာယ်ကို ဖြေရှင်းဖို့ ရက် ၃၀၀ အစီအစဉ်တွေနဲ့ ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။
ပါကစ္စတန်ရေကြီးမှုကို ကုလသမဂ္ဂက ဒေါ်လာ ၅ သန်း ထောက်ပံ့မှု ပြုလုပ်ခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ၂၀၂၂ ခုနှစ်က လနဲ့ချီပြီး မိုးသည်းထန်မှုကြောင့် လူ ၁,၇၀၀ ကျော် သေဆုံးခဲ့ဖူးပြီး နိုင်ငံရဲ့သမိုင်းတလျှောက် လူ သန်း ၃၀ ကျော် ရေဘေးခံစားခဲ့ရဖူးပါတယ်။
Source:Reuters