Home
နိုင်ငံတကာ
ပါကစ္စတန် အရန်တပ်ဖွဲ့စခန်း စီးနင်းခံရ၊ လုံခြုံရေးဝန်ထမ်း ၆ ဦး နှင့် စစ်သွေးကြွ ၆ ဦး သေဆုံး
DVB
·
September 3, 2025
Photo: REUTERS/Ehsan Khattak

ပါကစ္စတန်အနောက်မြောက်ပိုင်းက အရန်တပ်ဖွဲ့တဖွဲ့ရဲ့ အခြေစိုက်စခန်းကို အသေခံ ဗုံးခွဲသမားတွေက ခြံဝင်းထဲ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ၁၂ နာရီကြာ သေနတ်တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။

ဒီတိုက်ပွဲအတွင်း လုံခြုံရေးဝန်ထမ်း ၆ ယောက် နဲ့ စစ်သွေးကြွ ၆ ယောက် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

အသေခံဗုံးခွဲသမားက ဖောက်ခွဲရေးပစ္စည်းတွေ တင်ထားတဲ့ကားကို စက်တင်ဘာ ၂ ရက် အစောပိုင်းက ဘန်နုမြို့ နယ်နိမိတ်တံတိုင်းထဲ ဖောက်ခွဲဝင်ရောက်ခဲ့ပြီးနောက် တခြား တိုက်ခိုက်သူတွေက ခြံဝင်းထဲကို ဝင်နိုင်ခဲ့တယ်လို့  ဒေသဆိုင်ရာရဲချုပ် ဆာဂျဒ်ခန်းက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း လုံခြုံရေးဝန်ထမ်း ၁၆ ယောက်နဲ့ အရပ်သား ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ 

“ကျနော်တို့ တပ်ဖွဲ့ဝင်တွေဟာ ၁၂ နာရီကြာ သတ္တိရှိရှိနဲ့ တိုက်ခိုက်ခဲ့တယ်။” 

ဘန်နုမြို့ဟာ အစ္စလာမ္မစ် စစ်သွေးကြွတွေ အကြာကြီးနေခဲ့တဲ့ အိမ်နီးချင်း အာဖဂန်နစ္စတန်နဲ့ ဥပဒေမဲ့ နယ်စပ်ဒေသနားမှာ ရှိနေပါတယ်။

ခုအချိန်အထိ ဘယ်အဖွဲ့ကမှ တာဝန်ရှိကြောင်း ထုတ်မပြောသေးဘဲ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဒီလို တိုက်ခိုက်တာ ဘယ်အဖွဲ့ဆိုတာမျိုး နာမည်မဖော်ဘဲ အစ္စလာမ္မစ်စစ်သွေးကြွတွေအပေါ် အပြစ်တင်ခဲ့ပါတယ်။ 

တယ်ရိခ်အီ တာလီဘန် ပါကစ္စတန်အဖွဲ့  (TTP) လို့ခေါ်တဲ့ ဆွန်နီအစ္စလာမ္မစ် အဖွဲ့အစည်း အများကြီးကို စုရုံးထားတဲ့ ပါကစ္စတန် တာလီဘန်အဖွဲ့ဟာ အဲဒီနယ်စပ်ဒေသမှာ လှုပ်ရှားနေတဲ့ အဓိကအဖွဲ့ပါ။ 

ပါကစ္စတန်အစိုးရကို ဖြုတ်ချပြီး တင်းကျပ်သော အစ္စလာမ္မစ်ဥပဒေနဲ့ အစားထိုးအုပ်ချုပ်ဖို့ ၂၀၀၇ ခုနှစ်ကတည်းက ရုန်းကန်နေခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ 

စစ်သွေးကြွတွေဟာ အိမ်နီးချင်း အာဖဂန်နစ္စတန်က တိုက်ခိုက်ရေးသမားတွေကို လေ့ကျင့်သင်ကြားပေးပြီး တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ ပါကစ္စတန်က ပြောပေမဲ့ စွဲချက်ကို အာဖဂန်အစိုးရက ငြင်းဆိုထားပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013