
ပါကစ္စတန်နိုင်ငံ အရှေ့မြောက်ဘက်က ထောင်နဲ့ချီတဲ့ ကျေးရွာတွေမှာ ရေကြီးရေလျှံလို့ လူပေါင်း ၁ သန်းခွဲလောက် ထိခိုက်ခဲ့တယ်လို့ အစိုးရက သြဂုတ် ၃၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မုတ်သုံရာသီမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ သေဆုံးသူ ၈၅၀ ကျော်တယ်လို့ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက ဆိုပါတယ်။
မုတ်သုံရာသီမှာ မိုးသည်းပြီး အိမ်နီးချင်း အိန္ဒိယနိုင်ငံက ဆည်တွေကနေ ရေတွေလျှံကျလာပြီး အရှေ့ဘက်ပြည်နယ်ထဲကို စီးဝင်တဲ့ မြစ် ၃ စင်းမှာ ရေလျှံခဲ့တာပါ။
မြို့ကြီးတွေမှာ ရေကြီးတာကို ကာကွယ်ဖို့ တချို့နေရာတွေမှာ အာဏာပိုင်တွေက မြစ်ကမ်းပါးတွေကို ချိုးပစ်ခဲ့လို့ ကျေးရွာပေါင်း ၁,၄၀၀ ကျော်မှာ ရေကြီးရေလျှံခဲ့တယ်လို့ ပန်ဂျပ်ပြည်နယ်ရဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်တွေက ပြောပါတယ်။
ရာဗီ၊ ဆက်လက်ဂျ်နဲ့ ကျနဘ် မြစ်ရေတွေကြောင့် ပန်ဂျပ်ဒေသက မိသားစု ထောင်ပေါင်းများစွာဟာ အိုးမဲ့အိမ်မဲ့အဖြစ် ယာယီတဲစခန်းတွေမှာ ခိုလှုံနေကြရပါတယ်။ လာဟိုးမြို့ အပါအဝင် ဒေသတွေမှာ အိမ်ခြေထောင်ပေါင်းများစွာ ပျက်စီးခဲ့ပါတယ်။
ဆည်တွေမှာ ရေပြည့်သွားတဲ့အခါမှာ ပုံမှန်ရေဖောက်ချလေ့ရှိတဲ့ အိန္ဒိယက သူ့ရဲ့အဓိကပြိုင်ဘက် ပါကစ္စတန်နိုင်ငံဆီ အခုသီတင်းပတ်အတွင်း ရေလွှမ်းမိုးမှု သတိပေးချက် ၃ ခုကို ပေးပို့ခဲ့ပြီး ဒါဟာ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ဆောင်ချက်လို့လည်း ခေါ်ဆိုခဲ့ပါတယ်။
Source: Reuters