
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ကက်တာမြို့က လူထုစုဝေးပွဲတခုမှာ စက်တင်ဘာ ၂ ရက် နှောင်းပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီး လူ ၁၁ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အမျိုးသားရေး ဝါဒီခေါင်းဆောင်နဲ့ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဆာဒါး အတာလာမန်ဂါ ကွယ်လွန်တဲ့ နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတဲ့ ချီတက်ပွဲကို ကျင်းပခဲ့ချိန်မှာ ဖြစ်တာလို့ အစိုးရအရာရှိ ဟမ်ဇာ ရှာဖှတ်က ပြောပါတယ်။
လူတွေ စုဝေးတဲ့ နေရာကနေ ထွက်သွားချိန်မှာ ကားရပ်တဲ့နေရာမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ပွဲတက်ခဲ့တဲ့ သားဖြစ်သူ ဆာဒါ အက်ခ်တာ မန်ဂါ ဘေးကင်းခဲ့ပေမဲ့ တခြားလူ ၃၀ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အသေခံဗုံးခွဲမှုလို့ ယူဆရတဲ့ ပေါက်ကွဲမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ ရဲအရာရှိ အာသာ ရာရှိဒ်က ပြောပါတယ်။
ကက်တာမြို့ဟာ အာဖဂန်နစ္စတန်နဲ့ အီရန်နိုင်ငံတို့ နယ်နိမိတ်ချင်းထိစပ်နေပြီး မငြိမ်မသက် ဖြစ်နေတဲ့ ဘာလိုချီစတန် ပြည်နယ်ရဲ့ မြို့တော်ပါ။
အစ္စလာမ္မစ် စစ်သွေးကြွတွေနဲ့ ဘာလို့ချ် ခွဲထွက်ရေး သောင်းကျန်းသူ နှစ်ဖွဲ့စလုံး အဲဒီဒေသမှာ လှုပ်ရှားနေပါတယ်။
Photo:Reuters