
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်၊ နမ့်လွေမြစ်တလျှောက်မှာ ၂၀၂၅ ခုနှစ် ဇူလိုင်လနှောင်းပိုင်းကစပြီး နုန်းတင်ရေကြီးမှုကြောင့် လယ်ယာမြေဧကများစွာ ပျက်စီးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း (SHRF) က စက်တင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
အဆိုပါနေရာဟာ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ထားတဲ့ ‘ဝ’ မြောက်ပိုင်းဒေသ မြေရှားသတ္တုတွင်းတွေရဲ့ အောက်ဘက် ကီလိုမီတာ ၂၀ လောက်အကွာမှာ ရှိတာပါ။
ဇူလိုင် ၂၇ ရက်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်လွေမြစ်ရေလျှံတက်ခဲ့ပြီး မြစ်ကမ်းနှစ်ဖက်ရှိ ရေလွှမ်းမိုးခံခဲ့ရတဲ့ လယ်ကွင်းတွေရဲ့ ထက်ဝက်လောက်မှာ နုန်းမြေတွေ ကျန်ရစ်ခဲ့လို့ ဒေသထွက် သီးနှံတွေဖြစ်တဲ့ စပါး၊ ပြောင်း၊ မြေပဲနဲ့ ပဲပုပ်တို့ကို ပျက်စီးခဲ့ပါတယ်။
အဲ့လိုပျက်စီးမှုတွေကြောင့် တောင်သူတွေက ၂ ကြိမ်အထိ ပြန်လည်စိုက်ပျိုးခဲ့ပေမဲ့ ရေလွှမ်းမိုးတာကြောင့် ထပ်မံပျက်စီးခဲ့ပါတယ်။
အရင်နှစ်တွေက အဲဒီ မိုင်းပေါက်ဒေသမှာ ရေလွှမ်းမိုးခဲ့ပေမဲ့ ရွှံ့နွံအကြွင်းအကျန်တွေ မရှိခဲ့တာကြောင့် သီးနှံတွေ မပျက်စီးခဲ့ပေမဲ့ မကြာသေးမီက မြေရှားသတ္တုတွင်းတွေ တိုးချဲ့လာတာကြောင့် အဲဒီသတ္တုတွင်းတွေက စွန့်ပစ်ရေတွေဟာ မိုင်းခတ်မြို့အထက်ပိုင်းက နမ့်လွေမြစ်ထဲကိုစီးတဲ့ ချောင်းတွေထဲကို အဓိကစီးဆင်းနေတာကြောင့် နမ့်လွေမြစ်အတွင်း အနည်အနှစ်ပမာဏ မြင့်တက်လာတာဟာ အဲဒီသတ္တုတွင်းတွေကြောင့် ဖြစ်တယ်လို့ ယူဆရပါတယ်။
မိုင်းပေါက်မြို့နယ်က မြေရှားသတ္တုတွင်းတွေဟာ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတဲ့ in-situ leaching နည်းနဲ့ ဓာတ်သတ္တုရည်ဖျော်ထုတ်တဲ့ နည်းလမ်းတွေကို အသုံးပြုနေပြီး တောင်စောင်း နေရာအနှံ့အပြားကို ဓာတုပစ္စည်းတွေ ထိုးသွင်းတာကြောင့် သစ်တောတွေ အကြီးအကျယ် ပြုန်းတီးမှုနဲ့ မြေပြိုကျမှုတွေကို ဖြစ်ပေါ်စေတယ်လို့ SHRF က ဆိုပါတယ်။
လွေမြစ်ဟာ မိုင်းခတ်မြို့ကို ဖြတ်သန်းစီးဆင်းပြီးနောက် ကျိုင်းတုံမြို့နယ်နဲ့ မိုင်းလားမြို့နယ်ကြားမှ ဆက်လက် စီးဆင်းပြီးတဲ့နောက် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (မိုင်းလားအဖွဲ့) ထိန်းချုပ်ရာ မိုင်းယောင်းမြို့နယ်ကို ဖြတ်သန်းကာ ဆွပ်လွေမှာ မဲခေါင်မြစ်အတွင်း စီးဝင်သွားတာ ဖြစ်ပါတယ်။
မိုင်းပေါက်မြို့ရှိ မြေရှားသတ္တုတွင်းတွေအပြင် NDAA (မိုင်းလားအဖွဲ့) ထိန်းချုပ်နယ်မြေအတွင်း လွေမြစ်ထဲ စီးဝင်နေတဲ့ တခြားမြေရှားသတ္တုတွင်း ၁၉ ခု ရှိနေပါသေးတယ်။