
ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့မှာ ဘီလူးချောင်းရေတက်လာလို့ လူနေရပ်ကွက်တွေ ဖြစ်တဲ့ နမ့်ကွက်၊ မင်းစု၊ ဒေါနိုးကူး၊ ရှမ်းပိုင်းနဲ့ ရွှေတောင်ရပ်ကွက်တွေအထိ ရေစဝင်နေပြီလို့ လွိုင်ကော်မြို့ခံတွေက DVB ကို ပြောပါတယ်။
နမ့်ကွက်နဲ့ ဒေါနိုးကူးရပ်ကွက်ဘက်မှာတော့ ရေများနေပြီး ရှမ်းပိုင်းရပ်ကွက်မှာတော့ ရပ်ကွက်အစပ်နားထိ ရေရောက်လာပြီလို့ မြို့ခံတွေက ပြောပါတယ်။
ရေဝင်နေတဲ့ ရပ်ကွက်ဒေသခံတွေကတော့ မနှစ်ကလောက် စိုးရိမ်ရတဲ့ အနေအထားမျိုး မဟုတ်တဲ့အတွက် ရေဘေးမရှောင်သေးဘဲ စောင့်ကြည့်နေရတဲ့ အခြေအနေလို့ ဆိုပါတယ်။
လက်ရှိ ဘီလူးချောင်းရေဟာ မြို့ထဲက ဒေါနိုးကူးတံတားဘောင်ကို ထိနေပြီလို့ လက်ရှိ ရေတက်လာတဲ့ အခြေအနေတွေကို မြို့ခံတယောက်က ပြောပြပါတယ်။
“ဒီနေ့ကို ရေက ဒေါနိုးကူးတံတားဘောင်ထိတဲ့အထိ တက်လာပြီ။ အခုရေဝင်တဲ့ ရပ်ကွက်တွေက လူပြန်နေနေတဲ့ ရပ်ကွက်တွေ ဆိုပေမဲ့ ရှောင်တော့ မရှောင်ကြသေးဘူး။ ဘာလို့လဲဆိုတော့ မနှစ်က ရေကြီးတာလောက်ထိ မစိုးရိမ်ရဘူး။ မိုးရွာရင်တော့ မပြောတတ်ဘူးပေါ့လေ။ အခုတော့ စောင့်ကြည့်နေကြတယ်။”
မနှစ်က ရာဂီမုန်တိုင်းကြောင့် မိုးများပြီး မိုးဗြဲဆည်ရေ လွှတ်ချလိုက်တဲ့အတွက် ဘီလူးချောင်းတလျှောက်မှာ ရှိနေတဲ့ မိုးဗြဲ၊ ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တွေမှာ ရေကြီးရေလျှံမှု အဆိုးဝါးဆုံး အခြေအနေနဲ့ ကြုံခဲ့ရပါတယ်။
အဲဒီရေကြီးမှုဟာ သီတင်း ၄ ပတ်နီးပါး ကြာမြင့်ခဲ့ပြီး ရေဘေးကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ တိမ်းရှောင်ခဲ့ရကာ လူ ၃၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။
ကရင်နီပြည်နယ်မှာ ဩဂုတ် ၃၁ ရက်ကနေ စက်တင်ဘာ ၃ ရက်အတွင်း မိုးသည်းတာ၊ လေပြင်းတိုက်တာ၊ လျှပ်တပြက် ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။
မောရစ်