
မော်ချီးကနေ ကရင်နီပြည်နယ် မြို့တော်လွိုင်ကော်ကို ပြန်လာတဲ့သူတွေကို စစ်တပ်က စစ်ဆေး မေးမြန်းမရှိ ဖမ်းနေပြီး မြို့ဝင်ပေါက်မှာ လုံခြုံရေး တင်းကျပ်ထားပါတယ်။
လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ကြုံနေရလို့ အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့ မော်ချီးမှာ ဒေသခံတွေနဲ့ တွင်းလုပ်သား အများစုဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရပါတယ်။
အဲဒီထဲကမှ လွိုင်ကော်ကို ပြန်လာတဲ့ အမျိုးသားတွေကို မြို့ဝင်ပေါက်မှာ စစ်တပ်က တွေ့တာနဲ့ ဖမ်းပြီး ငွေနဲ့ပြန်ရွေးခိုင်းတာတွေ ဒီရက်ပိုင်း ပိုအဖြစ်များလာတဲ့အကြောင်း လွိုင်ကော်မြို့ခံတွေက DVB ကို ပြောပါတယ်။
လွိုင်ကော်မြို့ခံတယောက်က “လွိုင်ကော်မြို့ အခြေအနေကတော့ လက်ရှိမှာတော့ ငြိမ်နေတာပေါ့။ ဒါပေမဲ့ ဒီအဝင်ပေါက်က အစစ်ဆေးကြမ်းတယ်၊ အဖမ်းအဆီးများတယ်။ Kpay တို့ ဖုန်းတို့ သိနေကျအတိုင်းပဲပေါ့။ အထူးသဖြင့်က မော်ချီးကနေ ပြန်လာမယ့်အဖွဲ့တွေဆို အဖမ်းအဆီး များတယ်။ ယောက်ျားလေးတွေဆိုရင် နောက်ခံ Background ရှိတယ်။ ဟိုဘက်(တလရ)နဲ့ အချိတ်အဆက် ရှိတယ်ဆိုရင် ပိုက်ဆံနဲ့ရွေးရင်ရွေး၊ ပြီးရင် အဲဒီလူတွေပဲ လုတာ၊ အောက်ခြေလူတန်းစားတွေကတော့ တော်တော်ကျပ်တည်းနေပြီ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လ ၂၂ ရက်နေ့ကလည်း မော်ချီးကနေ လွိုင်ကော်ကို ပြန်လာတဲ့ အရပ်သား အယောက် ၃၀ ကျော်ဟာ မြို့အဝင်ဂိတ်မှာတင် အဖမ်းခံရပြီး လွိုင်ကော်ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ထဲကို ခေါ်သွားခံခဲ့ရပါတယ်။
လက်ရှိမှာလည်း မြို့အဝင်ပေါက်မှာ လုံခြုံရေး တင်းကျပ်နေသလို မြို့ထဲမှာလည်း စစ်တပ်က လာမယ့် ဒီဇင်ဘာမှာလုပ်မယ့် ရွေးကောက်ပွဲအမီ လူပြန်မနေတဲ့အိမ်တွေကို ပြည်သူပိုင်အိမ်အဖြစ် သိမ်းမယ်ဆိုပြီး နှိုးဆော်နေတယ်လို့ ဒေသခံတွေက ဆက်ပြောပြပါတယ်။
လွိုင်ကော်မှာပြန်ရောက်နေတဲ့ မြို့ခံအများစုကတော့ လက်ရှိ စစ်ရေးနဲ့ ရွေးကောက်ပွဲထက် ရေဘေးကို ပိုပြီး သတိထား စောင့်ကြည့်နေကြရပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်မှာပဲ မိုးများပြီး မိုးဗြဲဆည်ရေ လွှတ်ချလိုက်လို့ ဘီလူးချောင်း ရေလျှံပြီး လွိုင်ကော် အပါအဝင် ကျေးရွာတော်တော်များများ ရေမြုပ်ပြီး ဒေသခံသောင်းနဲ့ချီ ရေဘေးကို ကြုံခဲ့ရပြီး စပါး လယ်ခင်း ထောင်နဲ့ချီ နစ်မြုပ်ခဲ့ပါသေးတယ်။
လွိုင်ကော်မြို့ခံတယောက်က “ဒီနှစ်ရေကြီးတာတော့ ပုံမှန်အနေအထားပဲပေါ့။ အရင်နှစ်လိုမျိုး လိုက်ကူဖို့ လိုက်ကယ်ဖို့ ဆိုတာကလည်း မရှိဘူး။ ရှိခဲ့ရင်တောင် ဘယ်သူမှ မရှိတော့ဘူး။ အရင်ကြိုပြီးတော့ စစ်ရှောင်နေကြကုန်ပြီ။ ပြီးတော့ ဘီလူးချောင်းနဲ့နီးတဲ့ အိမ်နေရာတွေ မြေနိမ့်ပိုင်းနေရာတွေပေါ့၊ အရင်နှစ်လိုပဲ မြေနိမ့်တဲ့နေရာက ရေပိုပြီးဝပ်တာကိုး။ ဘီလူးချောင်းအောက်က ဒေါနော်ကူးဆိုရင် တချို့ဆို ရွေ့နေပြီ။ နီးနေတဲ့နေရာတွေက ရွှေ့နေတာ” လို့ ပြောပါတယ်။
မော်ချီးဒေသမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေကြားကနေ ဒီရက်ပိုင်း မိုးများပြီး တောင်ကမ်းပါးယံတွေ ပြိုကျလာလို့ လူနေရပ်ကွက်တချို့ ပြောင်းရွှေ့နေကြရပါတယ်။
တနေ့ကို ကား ၂ စီးနှုန်းနဲ့ လူတွေ ရွှေ့နေကြသလို ခြေလျင်ပြန်တဲ့လူတွေလည်း ရှိနေလို့ မြို့ပေါ်မှာ ၃ ပုံ ၁ ပုံစာလောက်ပဲ လူတွေကျန်တော့တယ်လို့ မော်ချီးဒေသခံတယောက်က ရှင်းပြပါတယ်။
“အခြေအနေကတော့ မြို့က တိတ်ဆိတ်နေတာပဲ။ တချို့ကလည်း ပြန်ချင်နေပြီ၊ ဒါပေမဲ့ လမ်းမှာ စစ်ကြောင်းထိုးတာနဲ့ ဘာနဲ့ဆိုတော့ ပြန်လို့ကလည်း အဆင်မပြေဘူး။ တချို့ဆို ခြေလျင်ပြန်ကြတဲ့သူတောင် ရှိတယ်။ ဒီမှာက လေယာဥ်လည်း ကြောက်ရ၊ အခုလည်း တောင်တွေပြိုနေပြီ၊ ဟိုမှာ ခဲလုံးကြီးကျသွားပြီ၊ ဟာ.. လူတွေလွတ်ပါ့မလား မသိဘူး။”
မော်ချီးဒေသခံကို DVB က ဖုန်းနဲ့ဆက်သွယ် မေးမြန်းနေတဲ့အချိန်မှာပဲ မော်ချီးက ရတနာအောင်မြေ လူနေရပ်ကွက်ထဲကို တောင်ပြိုကျလာတာပါ။
ထိခိုက်သေဆုံးမှုတော့ မရှိပေမဲ့ လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်နေတဲ့ ဒေသခံတွေဟာ သဘာဝဘေးကိုပါ သတိထားနေကြရပါတယ်။
မြေပြိုတဲ့ ရပ်ကွက်တွေနဲ့ ဗုံးကြဲခံရလို့ ပျက်စီးသွားတဲ့ နေရာတွေမှာလည်း ပြန်လည်ထူထောင်ရေးအတွက် လူအင်အားနဲ့ စက်ယန္တရားတွေကလည်း မလုံလောက်ဖြစ်နေလို့ အကူအညီ တောင်းခံနေကြပါတယ်။
မောရစ်