
ကျောက်မဲမြို့ ပိန္နဲကုန်း ဝါဆိုကျောင်း အောက်ဘက်ကို ဩဂုတ် ၂၅ ရက်နေ့ ၁၁ နာရီ ၁၀ မိနစ် ဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ကျနော်တို့နဲ့ နီးနီးလေးပဲ။ ဝါဆို ဘုန်းကြီးကျောင်းနား” လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
ကျောက်မဲ ၇ ရပ်ကွက်ဘက် ဝါဆိုကျောင်းဘေး၊ အရှေ့ရပ်ကို ကြဲသွားတာဖြစ်ပြီး ထိခိုက်မှု အခြေအနေကတော့ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။
နောက်ထပ် ဒေသခံ အမျိုးသားတယောက်က “အခုချတာက ကျောက်မဲက ပိန္နဲကုန်း အရပ်ပေါ့နော်။ ဝါဆိုကျောင်း၊ ဝါဆိုကျောင်း အောက်နားမှာချတာ။ လူထိခိုက်မှုတွေကတော့ မသိရသေးဘူး။ သွားလည်း မကြည့်ရဲတော့ ပုံတွေလည်း ရမှာလည်း မဟုတ်သလို လေကြောင်းက တခါလာပြီဆိုတာနဲ့ ဆက်တိုက်ချတော့မယ့် သဘောရှိတယ်” လို့ ပြောပါတယ်။
ကျောက်မဲအနီးက လုံကြိမ်ရွာမှာလည်း ဩဂုတ် ၂၄ ရက်နေ့ ညနေက လက်နက်ကြီးကျရောက်လို့ ဒေသခံ ပြည်သူ ၂ ယောက် သေဆုံးသွားကာ ဒေသခံ ပြည်သူအယောက် ၅၀ ခန့် ပိတ်မိနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ ဝါဒဖြန့် လူမှုကွန်ရက်တွေမှာတော့ နောင်ပိန်လမ်းခွဲ၊ ပင်တီး၊ ဇီးပင်စခန်း၊ ပင်တိန် တွေကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ရေးသားထားကြပေမဲ့ ဩဂုတ် ၂၅ ရက်နေ့ မနက်အထိ စစ်ကောင်စီ စစ်ကြောင်းတွေနဲ့ စစ်မျက်နှာ ဆိုင်ထားဆဲဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။