
အစ္စရေးဘက်ဆီ ဟူသီတွေက ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့မှုအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက ယီမင်နိုင်ငံ မြို့တော် စာနာကို ဩဂုတ် ၂၄ ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် လူ ၂ ယောက်ထက်မနည်း သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဟူသီမီဒီယာတွေက ဖော်ပြပါတယ်။
အခုတိုက်ခိုက်မှုတွေဟာ ဂါဇာစစ်ပွဲကနေ ပျံ့နှံ့ထွက်ပေါ်လာတဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး ယီမင်နိုင်ငံထဲက ဟူသီစစ်အုပ်စုတွေနဲ့ အစ္စရေးတို့ကြား တိုက်ရိုက် တိုက်ခိုက်မှုနဲ့ တန်ပြန်တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့အချိန် တနှစ်ကျော်အတွင်း နောက်ဆုံးဖြစ်ရပ်ပါ။
အစ္စရေးရဲ့ တိုက်ခိုက်မှုတွေက ယီမင် သမ္မတအိမ်တော်နားက နေရာတွေအပြင် ဒုံးကျည်စခန်းတွေ၊ အရေးပါတဲ့ ရေနံနဲ့ ဓာတ်အားပေးစက်ရုံတွေကို ပစ်မှတ်ထားခဲ့တယ်လို့ စာနာမြို့ခံတွေက ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲအဖြစ် မြို့တွင်းက နေရာအသီးသီးက တိုက်ခိုက်ခံရတဲ့ နေရာတွေဆီကနေ မီးခိုးငွေ့တွေ ထူထူထပ်ထပ် ထွက်လာတာကိုလဲ မြင်တွေ့ရပါတယ်။
Source: Reuters