
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ ဩဂုတ် ၂၄ ရက် ညနေ ၆ နာရီလောက်မှာ စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကလေးတယောက် သေဆုံးကာ အမျိုးသမီး ၂ ယောက် ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တလုံး ရမ်ပူရပ်ကွက် နယ်မြေ ၁၂ က ဦးပိန်တံတားနားမှာ ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးတယောက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ကာကွယ်ရေးပူးပေါင်းတပ်တွေ ရှိနိုင်တဲ့ နေရာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ရင်း မြို့ထဲမှာ မကြာခဏ လက်နက်ကြီး ကျလေ့ရှိတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ဝိုင်းမော်ဘက်ခြမ်းက ကာကွယ်ရေးအဖွဲ့တွေ ရှိနိုင်တဲ့ နေတွေကို မပခကနေ လက်နက်ကြီး လှမ်းပစ်တာတွေ ရှိတယ်။ အဲလို ပစ်တဲ့အခါမှာလည်း မြို့ထဲမှာ ကျတာတွေလည်း ရှိတယ်။ မနေ့ညနေကလည်း အလားတူပဲ ရမ်ပူမှာ ကျသွားတာ ကလေးတဦးကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ ပြီးခဲ့တဲ့ တခေါက်ကလည်း လက်နက်ကြီး ပစ်တာ သီတာက ဝန်ထမ်းအိမ်ရာမှာ ကျကွဲသေးတယ်။”
လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အသက် ၂၀ အရွယ် အမျိုးသမီးတယောက် ပေါင်၊ ခြေသလုံးနဲ့ နဖူးမှာ ထိခိုက်ခဲ့ပြီး အသက် ၆၅ အရွယ် အမျိုးသမီးကလည်း ဘယ်ဘက်လက်မောင်းကို ထိခိုက်ခဲ့တာကြောင့် မြစ်ကြီးနား ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီခန့် ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို DVB က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့ဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တိုင်းစစ်လေဆိပ်တို့ မကြာခဏ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်တာ ရှိသလို စစ်တပ်ကကလည်း မြို့ပေါ်ကနေ လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်နေပြီး မြို့ပေါ်အထိ တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။