
မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် မကျဉ်းတိုင်း ကျေးရွာအနီး ကြက်မောက် တောင်ရေလှောင်တမံ ရေပိုလွှဲကနေ ရေကျော်နေတဲ့အတွက် မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းပိုင်းကို ယာယီပိတ်ထားရပြီး ယာဥ်တွေပိတ်ဆို့နေတယ်လို့ မြေပြင်ကူညီ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

အခြေအနေကို သိရှိတဲ့သူတယောက်က “သက်ဆိုင်က ကားလမ်းကို ပိတ်လိုက်တာပါ။ အန္တရာယ် ရှိတဲ့အခြေအနေမို့ ပိတ်တာ။ ကားလမ်းပေါ် ရေက တော်တော် ကျော်တက်နေတာ။ ရေက လျော့ကျမသွားသေးဘူး။ ရပ်တန့်နေရတဲ့ ကားတွေမနည်းဘူး” လို့ ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ကြက်မောက်တောင် ရေလှောင်တမံ ရေပိုလွှဲကနေ ရေကျော်နေတဲ့အတွက် ပန်းတောင်း-မိတ္ထီလာ ကားလမ်း မိုင်တိုင်အမှတ် ၅၁ မိုင်၊ ၄ ဖာလုံကနေ ၇ ဖာလုံကြားအထိ နဲ့ ဆည်ရေမြောင်းတလျှောက် မြေနိမ့်ရာနေရာတွေမှာ ရေ ၅ ပေကနေ ၆ ပေကျော်အထိ ရေတက်နေတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “အခုရေကျော်ကျနေတဲ့ ကြက်မောက်တောင်ဆည်က ဘယ်တုန်းကမှ အခုလို မဖြစ်ခဲ့တာ။ အခု ကားလမ်ဘေးက တချို့အိမ်တွေဆို နေမြုပ်နေပြီ။ ကားတွေသွားရင် အန္တရာယ် အရမ်းများတယ်” လို့ ပြောပါတယ်။

ရေကြီးရေလျှံဖြစ်နေတဲ့ ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်းမှာ နယ်မြေခံမီးသတ်တပ်ဖွဲ့တွေ၊ လူမှုကူညီရေးအသင်းတွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။
ပိတ်ထားရတဲ့ လမ်းပိုင်းကို ရေကျော်မှု လျော့ကျသွားရင် ပြန်လည်ဖြတ်သန်းခွင့်ပြုမယ်လို့ သိရပါတယ်။