
ဗင်နီဇွဲလားနိုင်ငံတောင်ပိုင်း အယ်လ်ကာယောင်းခရိုင်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရွှေတွင်းပြိုပြီး အနည်းဆုံး လူ ၁၄ ယောက် သေဆုံးခဲ့ကြောင်း အရေးပေါ် တာဝန်ရှိသူတွေက အောက်တိုဘာ ၁၃ ရက်မှာ ပြောပါတယ်။
ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေကြပြီး အလောင်းတွေကို သီးသန့် သတ္တုတွင်းအပေါက် ၃ ခုအတွင်းမှာ တွေ့ရှိခဲ့ကြတယ်လို့ အမျိုးသားအန္တရာယ် စီမံခန့်ခွဲမှုစနစ် အဖွဲ့တွေက ပြောပါတယ်။
အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ အောက်တိုဘာ ၁၂ ရက်က နာရီအတော်ကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ကိုလံဘီယာတောင်ပိုင်းရှိ နာမည်ကြီး ရွှေတူးဖော်ရေးနယ်မြေဖြစ်တဲ့ ကရာတားလ် ဒေသဘက်ရှိ ကွာတရိုစ် အက်စ်ကီးနားစ် မိုင်းတွင်းက မိုင်းကျင်း ၃ ခု ရေနစ်မြုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။
၆ နာရီကြာ မိုးဆက်တိုက်ရွာသွန်းခဲ့တာကနေ စိတ်မကောင်းစရာဖြစ်ရပ် ဖြစ်သွားခဲ့ရတယ်လို့ အယ်လ်ကာယောင်း မြို့တော်ဝန် ဂျေးဆပ်စ် ကိုရိုမိုတိုက ဆိုပါတယ်။
မိုင်းတွင်းလုပ်သား အများအပြားဟာ ကျဉ်းမြောင်းတဲ့ မြေအောက်ဥမင်တွေအတွင်းမှာ ရှိနေကြပြီး ဘေးအန္တရာယ် ကျရောက်ချိန်မှာ ပိတ်မိနေခဲ့ကြကြောင်း ဒေသခံတွေက ပြောပါတယ်။
လွတ်မြောက်နိုင်ခဲ့တဲ့ တခြားသူတွေလည်း ရှိပြီး အယ်လ်ကာယောင်းမြို့ရှိ ဒေသန္တရဆေးရုံမှာ ကုသပေးနေပါတယ်။
အောက်တိုဘာ ၁၄ ရက်မှာ လုံခြုံရေးအေဂျင်စီတွေဟာ ရုပ်အလောင်းတွေကို ပြန်လည်ဆယ်ယူနိုင်ဖို့ မိုင်းတွင်းလိုဏ်ခေါင်းတွေထဲက ရေတွေကို ဆက်လက် စုပ်ထုတ်ခဲ့ကြပါတယ်။
Source: Reuters




