ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ မိုးရွာတာများလို့ ညောင်ဖြူစခန်းရပ်ကွက်မှာရှိတဲ့ ချောင်းဘေးနေရာတွေ မြေပျော့နေပြီး နေအိမ် ၁ လုံး ပြိုကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၁ ရက်ညနေပိုင်းမှာ ညောင်ဖြူစခန်း၊ ရတနာသီရိနဲ့ စဝ်စံထွန်းရပ်ကွက်ဘက်မှာ မိုးသည်းပြီး ညောင်ဖြူစခန်းကအိမ် ပြိုကျပြီးနောက် ပတ်ဝန်းကျင်ကနေအိမ်တချို့လည်း ထိခိုက်မိတယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကိုသိသူတယောက်က “ပြိုကျတဲ့အိမ်မှာ လူမနေဘူး။ အိမ်ကတော့ အလုံးလိုက်ကြီး ပြိုတာ။ လူထိခိုက်မှုမရှိပေမဲ့ အောက်မှာရှိတဲ့ တခြားအိမ်တွေကို ပိသွားတာကြောင့် ပတ်ဝန်းကျင်အိမ်တွေကတော့ ပျက်စီးဆုံးရှုံးမှုတွေ ရှိတယ်။ ပစ္စည်းတွေထိတာ” လို့ ပြောပါတယ်။
ပြိုကျပျက်စီးခဲ့တဲ့ အိမ်ရဲ့ဘေးမှာ ရေမြောင်းတခုရှိပြီး အောက်ဘက်မှာရှိတဲ့ချောင်းထဲကို စီးဆင်းနေတာကြောင့် ဘေးနားမှာနေသူတွေအနေနဲ့ အုတ်တံတိုင်းခတ်ထားမှ စိတ်ချရနိုင်တယ်လို့ သူက ဆိုပါတယ်။
ပြိုကျတဲ့အိမ်ကို ခုလက်ရှိအချိန်အထိ ပြန်လည်ရှင်းလင်းတာမျိုး မလုပ်ရသေးဘဲ အကူအညီ လိုအပ်နေတယ်လို့လည်း သိရပါတယ်။
အခု မိုးရာသီမှာ မိုးများတာကြောင့် တောင်ကြီး ကမ်းပါးယံဘေးနားမှာရှိတဲ့ စဝ်စံထွန်းရပ်ကွက်က ကျောက်သားပေါ် ဆောက်ထားတာ မဟုတ်တဲ့ အိမ်တွေ၊ ညောင်ဖြူစခန်းရပ်ကွက်က တောင်ကျချောင်းရေနဲ့ကပ်တဲ့ အိမ်တွေ၊ ရှမ်းရိုးမ ဘိုးဘွားရိပ်သာအနောက်ဘက်ခြမ်းက ဖြစ်သလို ဆောက်ထားတဲ့အိမ်တွေ၊ ကျောင်းကြီးစုရပ်ကွက် သုသာန်သွားတဲ့ လမ်းတလျှောက်က မြေတွေဖို့ပြီး မြေမြှင့်ထားတဲ့အိမ်တွေ သတိထားဖို့လိုတယ်လို့ မြို့ခံတချို့က ပြောပါတယ်။








