
မုန်တိုင်းအရှိန်ကြောင့် ကရင်နီပြည်နယ်မှာ မိုးအဆက်မပြတ်ရွာနေလို့ ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းတခုနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေ ရေမြုပ်နေပြီး စစ်ရှောင်တွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးနေရပါတယ်။
ဒီးမော့ဆိုအနောက်ခြမ်းက ရေမြုပ်နေတဲ့ စစ်ရှောင်စခန်းမှာတော့ အိမ်ခြေ ၁၅၀ နီးပါးရှိပြီး တောင်ကျရေ များနေတဲ့အတွက် နေအိမ်တွေကို ထပ်ရွှေ့ရမယ်လို့ လက်ရှိ ကူညီနေတဲ့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
မိုးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်ကတည်းက ရွာနေပြီး လက်ရှိအချိန်ထိ မိုးမတိတ်သေးတဲ့အတွက် မိုးကာ လိုအပ်နေတယ်လို့ ဆိုပါတယ်။
တာဝန်ခံ-ကိုလွမ်း (Karenni Hope) က “အကုန်လုံးနီးပါး ပြောင်းရမယ် ထင်တယ်။ တရက်ကို နှစ်ပေ၊ သုံးပေ တက်နေတယ်ပြောတယ်။ လောလောဆယ်တော့ ပြောင်းရွှေ့ရင် အဓိက မိုးကာတွေတော့ လိုမယ်” လို့ ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အနောက်ခြမ်းက လူဦးရေ ၁၈၀ ကျော် နေထိုင်ပြီး အိမ်ခြေ ၄၉ အိမ်ရှိတဲ့ စစ်ရှောင်စခန်းတခုမှာလည်း ရေဝင်လာတဲ့အတွက် အိမ်ခြေပေါင်း ၂၀ ကျော်လောက် ရေမြုပ်သွားတယ်လို့ အဲ့ဘက်မှာ ကူညီနေတဲ့သူတွေက DVB ကို ပြောပါတယ်။
အဲဒီစခန်းဟာ တောင်ခြေမှာရှိနေတဲ့အတွက် ချိုင့်ခွက်လို ဖြစ်နေပြီး စစ်ရှောင်တွေရဲ့ အိမ်ခေါင်မိုးပဲ ကျန်တဲ့အထိ ရေမြုပ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။
လက်ရှိ ရေလွတ်တဲ့ ကုန်းပေါ်နေရာတွေမှာ စစ်ရှောင်တွေကို ပြောင်းရွှေ့နေရာချထားပေးပြီး ဒီစခန်းမှာလည်း မိုးကာအပြင် ကူညီဖို့ လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ ကယ်ဆယ်ရေးသမားတွေက ဆိုပါတယ်။
ကယ်ဆယ်ရေးသမားတယောက် (ဖယ်ခုံ) က “အရင်နှစ်ကကည်းက ပြောထားပြီးသား။ အဲဒီနေရာက ရေနစ်မှာ။ ရွှေ့လို့ရတဲ့နေရာရှိရင် ပြောင်းရွှေ့ကြလို့ပြောလည်း သူတို့ (စစ်ရှောင်) က မရွှေ့ဘူးလေ။ အဲဒီနေရာမှာပဲ ဆက်နေတော့ အခုထပ်နစ်တော့လည်း အဲဒီတိုင်းပဲ ပြန်နစ်တယ်၊ အဲဒီလိုပဲ သူတို့ဒုက္ခပြန်ရောက်တယ်” လို့ ပြောပါတယ်။
မြို့တော်လွိုင်ကော်မှာလည်း ဘီလူးချောင်းရေ တက်လာတဲ့အတွက် လူနေရပ်ကွက် ၈ ခုထက်မနည်း ရေမြုပ်နေပြီး မြို့ခံတချို့ ပြောင်းရွှေ့နေကြရပါတယ်။
စစ်ကောင်စီကတော့ ဒီဇင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို မဲထည့်ဖို့ လိုက်လံနှိုးဆော်နေပြီး ရေဘေးနဲ့ပတ်သက်တဲ့ အကူအညီမရဘူးလို့ လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။
ဒီးမော့ဆိုနဲ့ ဖယ်ခုံဘက်ခြမ်းတွေမှာတော့ စစ်ကောင်စီတပ် ထိုးစစ်ကြောင့် တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ နေ့စဥ် တိုက်ပွဲတွေဖြစ်နေလို့ ရေကြီးတဲ့ နေရာတွေကို သွားကူဖို့အတွက် အခက်အခဲတွေ ရှိနေပါတယ်။
မောရစ်