နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ မိုးသည်းထန် ရွာသွန်းမှုကြောင့် ရုတ်တရက် ရေကြီးပြီး လူနေအိမ် အများအပြား ရေနစ်မြုပ်လို့ ဒေသခံတွေ ဘေးလွတ်ရာပြောင်းရွှေ့ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၉ ရက်က စတင်ပြီး အဆက်မပြတ် ရွာသွန်းတဲ့မိုးဒဏ်ကြောင့် လယ်ဝေးမြို့နယ်၊ ရုံးပင်အုပ်စု၊ ငှက်ပျောတောရွာကနေအိမ်တွေထဲ ရေဝင်ရောက်လာတဲ့အတွက် စက်တင်ဘာ ၃၀ ရက်မနက်ပိုင်းမှာ နေအိမ်တွေထဲက ဒေသခံတွေကို အရေးပေါ်ပြောင်းရွှေ့ခဲ့ရတာလို့ သိရပါတယ်။
ရေဘေးသင့် ဒေသခံတယောက်က “ရေက ရုတ်တရက်ဆိုသလို တက်တာ မနက် ၁၀ နာရီ လောက်က ရေစဝင်လာတာပေါ့။ ၁၁ နာရီဝန်းကျင်လောက်ဆို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အရေးပေါ်ကူညီ ပြောင်းရွှေ့တာတွေလုပ်ပေးတာ”လို့ ပြောပါတယ်။
နေအိမ်တွေထဲ ရေဝင်ရောက်ပြီး နေအိမ်တွေ ရေမြုပ်ခဲ့တဲ့အတွက် အိမ်ခြေ ၆၀ လောက်က ဒေသခံတွေကို အရေးပေါ်စက်လှေတွေ အသုံးပြု ကူညီပြောင်းရွှေ့ပေးခဲ့ရတာလို့ ဆိုပါတယ်။
မြေပြင် ကူညီဆောင်ရွက်ပေးတဲ့သူတယောက်က “ရွာထဲကို ရေက အရှိန်နဲ့ဝင်တော့ မြုပ်ကုန်တာပေါ့။ ၅ ပေကျော် ကျော်လောက်အထိကို ရေတက်လာတာ၊ မြေနိမ့်ပိုင်းမှာရှိတဲ့ နေအိမ်အလုံး ၅၀ လောက်ဆို လုံးဝရေနစ်သွားတယ်။ အခုဒေသခံတွကို ကုန်းမြင့်ပိုင်းကို ကူညီပြောင်းရွှေ့ ကယ်ထုတ်ပေးထားတယ်” လို့ ပြောပါတယ်။
လယ်ဝေးမြို့နယ်မှာ စက်တင်ဘာ ၃၀ ရက် ညနေပိုင်းအထိရေ ပြန်ကျခြင်းမရှိဘဲ မိုးဆက်လက်ရွာရင် ရေပြန်မကျတဲ့အပြင် ရုတ်တရက် ရေထပ်တိုးလာနိုင်ပြီး အနိမ့်ပိုင်းဒေသက အိမ်တွေ ရေနစ်မြုပ်နိုင်ခြေရှိတယ်လို့ သိရပါတယ်။
နေပြည်တော်မှာ မိုးသည်းထန်စွာ ရွာသွန်းတိုင်း နေအိမ်တွေ ရေနစ်မြုပ်မှု မကြာခဏဖြစ်ပေါ်နေပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်ကလည်း ပျဉ်းမနားမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့ဒဏ်ကြောင့် တောင်ကျရေတွေ ကျဆင်းလာပြီး နေအိမ်တွေရေနစ်မြုပ်လို့ ဒေသခံ အယောက် ၆၀၀ ကျော်ကို ဘေးလွတ်ရာအရေးပေါ် ပြောင်းရွှေ့ခဲ့ရသေးတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေဆီက သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်၊ ဇေယျာသီရိမြို့မှာ ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်က မိုးသည်းထန် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံပြီး ပင်လောင်းလမ်းဆုံ ကားလမ်းမပေါ်မှာ ကားလမ်းပေါ် ရေအဆမတန် ကျော်တက်နေတဲ့အတွက် ဆိုင်ကယ်တွေ၊ ကားတွေ သွားလာလို့မရတဲ့အထိ ဖြစ်ပေါ်ခဲ့ပါတယ်။
သြဂုတ် ၂၇ ရက်ကလည်း နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ပေါ်လာလို့ အရပ်သားတွေကို ရေဘေးလွတ်ရာနေရာတွေဆီ အရေးပေါ် ပြောင်းရွှေ့ပေးနေရတာလို့ သိရပါတယ်။