ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်မြို့မှာ စက်တင်ဘာ ၃၀ ရက်မှာ ပဲခူးရိုးမ တောင်ကျရေကြောင့် မြို့ထဲကို ရေကြီးရေလျှံလာပြီး တိုက်နယ်ဆေးရုံက လူနာတွေကို အရေးပေါ် ကယ်ထုတ်ခဲ့ရတယ်လို့ ဒေသခံတွေနဲ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ဒီနေ့ မနက် ၅ နာရီဝန်းကျင်ကစပြီး ပဲခူးရိုးမတောင်ကျရေများလာပြီး ပြောင်သေချောင်းကတဆင့် မြေနိမ့်ပိုင်းနဲ့ တိုက်နယ်ဆေးရုံမှာ ရေကြီးရေလျှံလာတာကြောင့် ဆေးကုသမှု ခံယူနေတဲ့ လူနာ အယောက် ၂၀ လောက်ကို အရေးပေါ် ပြောင်းရွေ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးသမားတယောက် “ပဲခူးရိုးမပေါ်မှာ မိုးများပြီး ပြောင်သေချောင်းထဲကို ရုတ်တရက် ရေတွေ ဒလဟော ဝင်လာပြီး မြို့ထဲကို ရေတွေ လျှံလာတာ။ လူ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားရကြတာမရှိဘူး။ ရေကြီးတော့ လျှပ်စစ်မီးလည်း ပြတ်သွားတာဆိုတော့ တချို့လူနာတွေဆို တောင်ငူဆေးရုံ ရွှေ့ကြတယ်။ တချို့လူနာတွေလည်း နည်းနည်းသက်သာတဲ့ သူဆို အိမ်ပဲ ပြန်နေကြတယ်။ လူနာ ၂၀ ကျော်ကို ကယ်ထုတ်ထားပါတယ်။ ရေကဆက်တက်မယ့် အခြေအနေမလို့ စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်"လို့ ပြောပါတယ်။
ရုတ်တရက် ရေကြီးရေလျှံလာပြီးနောက် ညောင်ခြေထောက်မြို့မှာ နေအိမ်တချို့ ပျက်စီးတာ ရှိပေမဲ့ လူ ထိခိုက်သေဆုံးတာ မရှိသေးဘူးလို့ ကူညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
မြေနိမ့်ပိုင်းနဲ့ ရန်ကုန်-မန္တလေး ကားလမ်မပေါ်မှာလည်း ရေလျှံနေပြီး ရေထပ်တက် လာနိုင်တာကြောင့် အခြေနေကို စောင့်ကြည့်နေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်ခဲ့တဲ့ အပူပိုင်း တိုင်ဖွန်း မုန်တိုင်းအရှိန်ကြောင့် ဒေသတွင်း ဗီယမ်နမ်၊ လာအို၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့မှာ မိုးများပြီး ရေကြီး၊ မြေပြိုတာတွေ ဖြစ်ပေါ်ခဲ့တာပါ။
မြန်မာပြည်မှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်ကစပြီး မိုးများကာ ရေကြီးရေလျှံ ဆက်တိုက်ဖြစ်ပေါ်နေပြီး မကွေးတိုင်း နတ်မောက်မြို့နယ်မှာလည်း စက်တင်ဘာ ၂၇ ရက်က အောင်ပန်းကျွန်းဆည် ကျိုးကျပြီး မဲဇလီပင်ရွာမှာ လူ ၆ ယောက် ရေစီးနဲ့ မြောပါသေဆုံးခဲ့ပါတယ်။