တရုတ်နိုင်ငံတောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ အရှိန်ကြောင့် မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာလည်း မိုးများပြီး စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းမှာ မန်းချောင်း ရေလျှံလာကာ ချောင်းတလျှောက်က ရွာတွေမှာ ရေကြီးရေလျှံ ဖြစ်နေသလို မင်းဘူး-စကု သွားတဲ့ လမ်းပိုင်းမှာလည်း ရေလျှံနေတယ်လို့ မီးသတ်ဦးစီးဌာနက စက်တင်ဘာ ၂၅ ရက် ဒီနေ့ ထုတ်ပြန်ထားပါတယ်။
မင်းဘူးမြို့နယ်မှာ စက်တင်ဘာ ၂၄ ရက်ကစပြီး မိုးအသည်းအထန်ရွာပြီးနောက် မင်းဘူးမြို့အနီးက ကျောက်တန်းရွာမှာ ရေကြီးရေလျှံဖြစ်ပေါ်ခဲ့ပြီး မီးသတ်ဦးစီးဌာနက ဒေသခံတွေကို အရေးပေါ် ပြောင်းရွှေ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းကာ တောင်ကျချောင်းရေနဲ့ မြစ်ရေမြင့်တက်လာတာကြောင့် မြေနိမ့်ပိုင်းတွေကို ရေလျှံလာတာလို့ မင်းဘူးဒေသခံတယောက်က DVB ကို ပြောပါတယ်။
“ပြီးခဲ့တဲ့ရက်ကတည်းက မိုးဆက်တိုက်ကြီးနေတာဆိုတော့ တောင်ကျရေတွေနဲ့ မြစ်၊ ချောင်းတွေကနေ ရေကြီးရေလျှံ ဖြစ်လာတာပါ။ စကုဘက်သွားတဲ့ လမ်းတချို့မှာလည်း ရေတွေလျှံနေတာ ဆိုင်ကယ်တွေ ကားတွေဆို မောင်းမရဘူး၊ တွန်းပြီးသွားနေရတယ်။ အဓိကတော့ မြစ်ရေ၊ ချောင်းရေ မြင့်တက်လာပြီး မြေနိမ့်ပိုင်းတွေမှာ ရေလျှံလာတာ။”
မင်းဘူးမြို့နယ်မှာ မိုးများပြီး ရေကြီးရေလျှံတာကြောင့် အိမ်ထောင်စု ဘယ်နှစု ရေဘေးကြုံနေရလဲ စာရင်းအတိအကျကိုတော့ လတ်တလော မသိရသေးသလို ရေဘေးကြုံနေသူတွေအတွက် အစားအသောက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။
မုန်တိုင်းအရှိန်ကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး မြန်မာနိုင်ငံ နေပြည်တော်၊ စစ်ကိုင်းမြို့နဲ့ တာချီလိတ်မြို့တွေမှာ တောင်ကျရေနဲ့ မြစ်ရေမြင့်တက်လာကာ ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့သလို ထိုင်းနိုင်ငံမြောက်ပိုင်းက မြို့နယ်တချို့မှာလည်း တောင်ကျရေနဲ့ မြစ်ရေ မြင့်တက်လာကာ ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် စစ်တောင်းမြစ်ဘေးမှာ ရှိတဲ့ ပဲခူးတိုင်း၊ တောင်ငူမြို့နဲ့ မဒေါက်မြို့မှာ စိုးရိမ်ရေအမှတ်ကို ရောက်ရှိနေပြီး မွန်ပြည်နယ်၊ ဘီးလင်းမြို့နဲ့ ကရင်ပြည်နယ်၊ ဘားအံမြို့တို့မှာလည်း စိုးရိမ်ရေမှတ်အထက် မြစ်ရေ မြင့်တက်နေသလို လာမယ့် ၃ ရက်အတွင်းမှာ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ ဘီးလင်းမြစ်၊ သံလွင်မြစ်တွေမှာ ဆက်ပြီး မြစ်ရေ မြင့်တက်နိုင်တာကြောင့် အနိမ့်ပိုင်းက ဒေသခံတွေ ကြိုတင်သတိထားရှောင်ရှားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၂၂ ရက်မှာ စတင်ဖြစ်ပေါ်လာတဲ့ တိုင်ဖွန်းမုန်တိုင်း ရာဂါဆာဟာ ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ပိုင်းနဲ့ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်၊ ဟောင်ကောင်၊ မကာအို အပါအဝင် ထိုင်ဝမ်တို့ကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မုန်တိုင်းအရှိန်ကြောင့် ဒေသတွင်းက မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်နိုင်ငံတွေမှာ မိုးများပြီး ရေကြီးရေလျှံနဲ့ မြေပြိုနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ပြောဆိုကြပါတယ်။
တိုင်ဖွန်းမုန်တိုင်း ရာဂါဆာဟာ အားလျော့သွားကာ ဒီနေ့မနက်ပိုင်းမှာ တရုတ်တောင်ဘက် ကွမ်ရှီးပြည်နယ်ကို ဝင်ရောက်လာပြီးနောက် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကို အပူပိုင်း မုန်တိုင်းငယ်အဖြစ် ဆက်ပြီးရွေ့လျားနိုင်တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။