ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ထဲမှာရှိတဲ့ ဟင်္သာတိုင်က စက်တင်ဘာ ၂၉ ရက် ညနေ ၅ နာရီကျော်မှာ တဖြည်းဖြည်းနဲ့ ရေအောက်နစ်မြုပ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေအောက်နစ်မြုပ်သွားတဲ့ ဟင်္သာတိုင်ကို စက်တင်ဘာ ၃၀ ရက်မှာ ကျေးစားကုန်းရွာ ဆရာတော်နဲ့ ဒေသခံတွေက လုပ်အားပေး ပြန်လည်ဆယ်ယူပြီး ပြန်လည်တည်ဆောက်ကြတယ်လို့ သိရပါတယ်။
ဒေသခံအမျိုးသားတယောက်က “အရင်ရက်က လေတိုက်တာ၊ လှေနဲ့ ကျွန်းမျောတွေကြောင့် နေမယ်။ ခုတော့ဆယ်ပြီးပြီ ပြန်လည်ပြုပြင်မွမ်းမံတာတွေတော့ လုပ်ရမှာပေါ့”လို့ ပြောပါတယ်။
ငလျင်ဒဏ်၊ ရေတက်တဲ့ဒဏ်၊ လေတိုက်တဲ့ဒဏ်၊ ကျွန်းမျောတွေ ပိတ်တဲ့ဒဏ်ကြောင့် ဟင်္သာတိုင် ရေအောက်နစ်မြုပ်ခဲ့ရပြီး ပြန်လည်ဆယ်ယူပြီးပေမယ့် စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းမှာပဲ အင်းထဲက နေအိမ်တလုံး မိုးကြိုးပစ်ခံရတယ်လို့ သိရပါတယ်။
ငါးဖယ်ချောင်းကျေးရွာအုပ်စု၊ သပြေပင်ရှေ့ အမှတ် ၁ ရပ်ကွက်မှာ မိုးကြိုးပစ်ခံရပြီး နေအိမ် မီးလောင်ခဲ့ပေမယ့် နေအိမ်တွင်း လူမရှိတာကြောင့် လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
ဒေသခံအမျိုးသမီးတယောက်က “ခုမနက်အစောပိုင်း ၄ နာရီခွဲ ၅ နာရီလောက်က အိမ်တအိမ် မိုးကြိုးပစ်လို့ အိမ်မီးလောင်တာ၊ အိမ်မှာ လူမရှိတုန်းမို့ တော်သေးတယ်။ အင်းလေးလည်း တခုပြီးတခုပဲ”လို့ ပြောပါတယ်။
အင်းလေးမှာ ၂၀၂၅ ခုနှစ်အတွင်း ရေဘေး၊ ငလျင်ဘေးတွေ ကြုံတွေ့ခံစားခဲ့ရပြီး ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်နေကြကာ ခုလက်ရှိမှာ အင်းလေးဖောင်တော်ဦး ဒေသစာရီ ကြွချီပူဇော်ခံပွဲ ကျင်းပနေပါတယ်။