Home
မြန်မာသတင်း
မြန်မာ့ခရီးသွားလုပ်ငန်း ပြည်တွင်းခရီးသွားများဖြင့်သာ အဓိက လည်ပတ်နေရ
DVB
·
September 28, 2025

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ ကျဆင်းနေပြီး လက်ရှိကာလဟာ ခရီးသွားရာသီစတဲ့ ကာလဖြစ်ပေမဲ့ ပြည်တွင်းခရီးသွားဧည့်သည်တွေကိုပဲ အဓိကဝန်ဆောင်မှုပေးနေကြရပြီး နိုင်ငံခြားဧည့်သည် ဝင်ရောက်မှုနှုန်း နည်းပါးတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လုံခြုံရေးအခြေအနေအရ ခရီးမသွားဖို့ တားမြစ်ထားတဲ့ နိုင်ငံ‌ပေါင်း ၂၀ ထဲမှာ မြန်မာနိုင်ငံဟာ အသက်အန္တရာယ်ခြိမ်းခြောက်မှုအထိ ဖြစ်စေနိုင်တဲ့ အမြင့်ဆုံးအဆင့်၊ အဆင့် ၄ အဖြစ် သတ်မှတ်ခံထားရပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ဆေးဘက်ဆိုင်ရာနှင့် လုံခြုံရေး အကူအညီပေးတဲ့ အဖွဲ့အစည်း International SOS ရဲ့ ၂၀၂၅ အတွင်း ခရီးသွားလာရာမှာ အန္တရာယ်ရှိတဲ့ နိုင်ငံစာရင်းပြ မြေပုံမှာလည်း မြန်မာနိုင်ငံဟာ လုံခြုံရေးအန္တရာယ် မြင့်မားတဲ့ စာရင်းထဲမှာ ပါနေပြန်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ ကျဆင်းနေပြီး နိုင်ငံခြားဧည့်သည် ဝင်ရောက်မှုနှုန်း နည်းပါးတယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုကြပါတယ်။

ရန်ကုန်မြို့မှာ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတယောက်က “ပြည်တွင်းခရီးသွားလုပ်ငန်းတွေ တော်တော်များများအကုန်လုံးက လက်ရှိမှာ ပြည်တွင်းခရီးသွားလုပ်ငန်းလေးတွေနဲ့ လည်ပတ်နေရတယ်။ ပြည်ပကနေ inbound ဝင်ရောက်တဲ့ နိုင်ငံခြားသားဧည့်သည်တွေကတော့ တကယ်ကို ဝင်ရောက်မှုနှုန်းကတော့ လက်ချိုးရေလို့ ရတယ်ပေါ့နော်၊ အရင်ကထက်စာရင် ကိုဗစ်မတိုင်ခင်ပုံစံမျိုးနဲ့ဆို အခုက သိသိသာသာကြီး အရမ်းကို ကွာခြားပါတယ်။ လက်ရှိမှာလည်း ဒီတနှစ်နဲ့ ၂ နှစ်ကတော့ ဝင်ရောက်နှုန်းကတော့ နည်းနေသေးတယ်ပေါ့နော်၊ ဒါ့ကြောင့် လက်ရှိမှာ ခရီးသွားလုပ်ငန်းလုပ်တဲ့သူတွေဟာ ပြည်တွင်းမှာ ကိုယ့်လူမျိုးအချင်းချင်း ကိုပဲ ဝန်ဆောင်မှုပေးရတဲ့ ဘုရားဖူးခရီးသွားလုပ်ငန်းတွေမှာပဲ လည်ပတ်နေရတယ်”လို့ ပြောပါတယ်။

ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ မန္တလေးမြို့နဲ့ အင်းလေးဒေသဟာဆိုရင်လည်း မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုတွေများခဲ့ပြီး အခုထက်ထိ ပြန်လည်ထူထောင်ရေးအတွက် ရုန်းကန်နေရဆဲ ဖြစ်သလို ခရီးသွားလုပ်ငန်းတွေဟာလည်း ကျဆင်းနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

နိုင်ငံခြားသားခရီးသွားဧည့်သည်တွေကို မန္တလေးမြို့ထဲမှာ ဒီလိုအချိန်ဆို တွေ့နေကြဆိုပေမဲ့ ဒီနှစ်မှာတော့ နိုင်ငံခြားသားဆိုတာကို မမြင်သလောက်ပဲလို့ မန္တလေးဒေသခံတယောက်က ပြောပါတယ်။

“မန္တလေးမြို့ရဲ့ ခရီးသွားလုပ်ငန်းအခြေအနေကတော့ မရှိသလောက်ပေါ့နော်၊ တောင်သမန် ဦးပိန် တံတားတို့ ဒီမန္တလေးတောင်တို့ ဘာတို့ဆိုရင် နိုင်ငံခြား ခရီးသွားဧည့်သည် မရှိသလောက်ပါပဲ၊ တရုတ်ခရီးသွားဧည့်သည် တစုနှစ်စု၊ တယောက်စ၊ နှစ်ယောက်စ၊  သုံးယောက်စ အဲ့လောက်လေးတွေပဲ ရှိတာပါ။ ကျန်တဲ့ ဥရောပတို့ ဘာတို့ဘက်က ခရီးသွားကတော့ မရှိသလောက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မန္တလေးနဲ့ ပြင်ဦးလွင်လောက်ပဲ လည်စရာ ရှိတော့လေ၊ ကျန်တဲ့ အနီးအနားပတ်ချာလည်တွေကလည်း စစ်ရေးနဲ့ မငြိမ်မသက်တွေဆိုတော့ မလာကြတာ များပါတယ်၊ အခု စစ်ကိုင်း မင်းကွန်းဘက်တို့ဆိုရင် သွားလို့ မရတော့ဘူးလေ။”

အင်းလေးဒေသမှာတော့ ဖောင်တော်ဦးဘုရား လှည့်လည် အပူဇော်ခံပွဲ ကျင်းပနေတာရှိပါတယ်။ 

စက်တင်ဘာ ၂၇ ရက် လင်းခင်းရွာမှာ အပူဇော်ခံပြီး ၂၈ ရက် မှာတော့ ညောင်ရွှေမှာ အပူဇော်ခံမယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အင်းလေးဒေသခံတယောက်ကတော့ ဖောင်တော်ဦးဘုရားပွဲရှိပေမဲ့ အရင်လို ပြည်တွင်းပြည်ပ ခရီးသွားတွေ အများကြီးလာတာကို မတွေ့ရဘူးလို့ ဆိုပါတယ်။

အင်းလေးဒေသခံတယောက်က “ကျနော်တို့ အင်းလေးမှာ ခရီးသွားလုပ်ငန်းအတွက်က အရင်တုန်းကလို ပြည်တွင်း၊ ပြည်ပ ခရီးသွားကတော့ တော်တော်ကို နည်းတယ်၊ ဖောင်တော်ဦးဘုရား လှည့်လည်အပူဇော်ခံပွဲကတော့ ဒီနှစ်က လုပ်ဖြစ်တယ်။  နေရာ ၂၁ ဌာနစလုံးမှာ လှည့်လည် အပူဇော်ခံမှာဖြစ်ပါတယ်။ ဒီနေ့ကတော့ လင်းခင်းရွာမှာ ရောက်ပါတယ်။ အပူဇော်ခံတယ်၊ မနက်ဖြန်ကတော့ ညောင်ရွှေမှာ အပူဇော်ခံရောက်မယ်ပေါ့။ ဒေသခံ တော်တော်များများပဲ ပါဝင်ဆင်နွှဲနိုင်တယ်။ အရင်တုန်းကလို ပြည်တွင်းပြည်ပ ခရီးသည်တွေ အများကြီးလာပြီးတော့လေ့လာတာ၊ ဘုရားဖူးလာတာတွေတော့ နည်းတယ်ပေါ့နော်။ အခုချိန်ထိက အင်းလေးဒေသ ခရီးသွားလုပ်ငန်းကလည်း ခက်ခက်ခဲခဲနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။ 

စက်တင်ဘာ ၂၇ ရက်ဟာ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဖြစ်ပါတယ်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို ကုလသမဂ္ဂကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့အစည်း (UN Tourism) က ဦးဆောင်ပြီး နှစ်စဉ် ကျင်းပတာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို ကမ္ဘာတဝန်းရှိ နိုင်ငံအသီးသီးက ကျင်းပကြသလို ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့အစည်း (UN Tourism) က နှစ်စဉ် တရားဝင် အိမ်ရှင်နိုင်ငံ တနိုင်ငံကို သတ်မှတ်လေ့ရှိပါတယ်။

အခု ၂၀၂၅ ခုနှစ် အတွက် တရားဝင် အိမ်ရှင်နိုင်ငံကတော့ မလေးရှားနိုင်ငံဖြစ်ပြီး မလေးရှား မလက္ကာမြို့မှာ "ခရီးသွားလုပ်ငန်းနဲ့ ရေရှည်တည်တံ့ရေးအတွက် အသွင်ကူးပြောင်းမှု" ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013