ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ သြဂုတ် ၂၆ ရက်က တိုင်ဖွန်းမုန်တိုင်း နောက်ဆက်တွဲကြောင့် လေပြင်းတိုက်ခတ်ပြီး ရွာ ၂ ရွာက အိမ်ခြေ ၁၂၀ အမိုးလန်တာ၊ နေအိမ်ပျက်စီးတာတွေ ကြုံခဲ့ရပါတယ်။
မနေ့ နေ့လယ် ၂ နာရီကျော်မှာ ဗီယက်နမ်ကနေ လာအိုကို ဖြတ်ကျော်ပြီး အားပျော့လာတဲ့ တိုင်ဖွန်းမုန်တိုင်း ကာဂျီကီ အရှိန်ကြောင့် အင်းလေးမှာ လေပြင်းတိုက်ခတ်ပြီး ကံခေါင်းရွာနဲ့ ဟတ်ပုံးရွာက ဒေသခံတွေရဲ့ နေအိမ်တွေ ခေါင်မိုးလန်တာနဲ့ ပျက်စီးတာတွေ ကြုံခဲ့ရပါတယ်။
ကံခေါင်းရွာမှာ အိမ်ခြေ ၁၇၆ အိမ်ရှိပြီး လေဘေးကြောင့် ၆၅ အိမ် ထိခိုက်ပျက်စီးခဲ့ရသလို ၃၂ အိမ်က ရေမြုပ်နေပြီး ဟတ်ပုံးရွာမှာ နေအိမ် ၁၁၃ အိမ်ရှိကာ ၅၅ အိမ် ပျက်စီးခဲ့ပါတယ်။
ကံခေါင်းရွာဒေသခံ အမျိုးသမီးတယောက်က “ညနေ ၂ နာရီခွဲလောက်က မိုးအရမ်းသည်းတယ်၊ မုန်တိုင်းလည်းရှိတော့ စိတ်ပူရတာပေါ့။ အခုမှဆောက်ထားတဲ့ အိမ်အသစ်တွေလည်း ၆ အိမ် ပါသွားတယ်။ အရင်ကဆို ကြားပဲ ကြားဖူးတာ၊ ခုက မျက်စိရှေ့မှာ ဖြစ်ပျက်နေတာ။ ဖောင်တော်ဦးဘုရားကို ဖန်ဆောင်းနဲ့ အုပ်ပြီးကတည်းက အင်းလေးက တမျိုးပြီးတမျိုး ဘေးတွေ ကြုံနေရတယ်” လို့ ပြောပါတယ်။
အင်းလေးမှာ ငလျင်ကြောင့် ပျက်စီးတာတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်နေပြီး နေအိမ်ပျက်စီးသူတွေက အလှူရှင်ပေးတဲ့ငွေ၊ ကိုယ်ပိုင်ငွေတွေနဲ့ ပေါင်းကာ နေအိမ်တွေပြုပြင်တာ ၈၅ ရာခိုင်နှုန်းလောက် ပြီးစီးချိန် လေပြင်းတိုက်လို့ နေအိမ်အသစ်တွေပါ ထပ်မံပျက်စီးခဲ့ရပါတယ်။
ဒေသခံတယောက်က “ငလျင်ဒဏ်ကြောင့် တချို့အိမ်တွေဆို ဆောက်လက်စ ပြင်လက်စလေးတွေ ရှိပါတယ်။ မနေ့က မုန်တိုင်းလို့ခေါ်လို့ရတဲ့ မိုးပြင်းလေပြင်းဒဏ်ကြောင့် ဝါးအိမ်လေးတွေရော ဆောက်လက်စ ပြင်လက်စအိမ် တော်တော်များများ ပျက်စီးကြတယ်။ အိမ်ခေါင်မိုးတွေ ကွာလွင့်တာတို့၊ တချို့ ဝါးအိမ်လေးတွေဆို အိမ်အကာတွေပါ ကွာလွင့်တာတို့ ရှိကြပါတယ်။ တချို့ရွာတွေ ထိခိုက်ကြပြီး ထိခိုက်တဲ့ရွာတွေကလည်း ရွာလုံးကျွတ်နီးပါး တော်တော်ပျက်စီးကြတယ်” လို့ ပြောပါတယ်။
တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် ခုလက်ရှိ အင်းလေးဒေသမှာ နေအိမ်ပျက်စီးသွားသူတွေက မိုးကာတွေနဲ့ ယာယီနေထိုင်နေရပြီး အမိုးအတွက် သွပ်နဲ့ အကာအတွက် ထရံ၊ သွပ်၊ ဝါး လိုအပ်နေပါတယ်။
အင်းလေးဟာ ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်၊ ဇူလိုင်လကစပြီး တက်လာတဲ့ရေကြောင့် နေအိမ်နစ်မြုပ်မှုဒဏ်၊ လေပြင်းတိုက်ခတ်မှုဒဏ်၊ စားဝတ်နေရေးခက်ခဲတဲ့ ဒဏ်တွေ ကြုံတွေ့ခံစားနေရတာပါ။
ကာဂျီကီမုန်တိုင်း အရှိန်ကြောင့် ထိုင်းနိုင်ငံမှာလည်း ဩဂုတ် ၂၇ ရက် မနက်က မိုးသည်းထန်၊ ရေကြီးရေလျှံနဲ့ တောင်ကျချောင်းရေလျှံတာ၊ မြေပြိုတာတွေဖြစ်ပြီး လူတချို့ သေဆုံး ပျောက်ဆုံးတာတွေ ရှိခဲ့ပါတယ်။
နှင်းနှင်း