
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသက ဖောင်တောင်ဦးဘုရား ဒေသစာရီ ကြွချီပူဇော်ခံမယ့် လမ်းတလျှောက်က နေအိမ်တွေကို ဆေးသုတ်ဖို့အတွက် ညောင်ရွှေမြို့ စည်ပင်သာယာရေးဌာနက အကြောင်းကြားထားတယ်လို့ ဒေသခံတွေက သြဂုတ် ၂၀ ရက်က ပြောပါတယ်။
ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီလာမယ့်ကာလ နီးပြီဖြစ်တဲ့အတွက် နေအိမ်တွေရှေ့၊ အဆောက်အအုံတွေရှေ့၊ အိမ်ရှေ့မျက်နှာစာ၊ အိမ်ပတ်ဝန်းကျင်မှာ ပေါင်း၊ မြက်၊ ချုံနွယ်ရှင်းလင်းတာ၊ အမှိုက်သရိုက်နဲ့ ရေမြောင်းတွေ ဆယ်ယူတာ၊ ခြံစည်းရိုး (အုတ်တံတိုင်း) အိမ်သုတ်ဆေး၊ သို့မဟုတ် ထုံးသုတ်တာတွေကို သြဂုတ် ၂၀ ရက်အပြီး ကိုယ့်အစီအစဥ်နဲ့ကိုယ် ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
ဒေသခံအမျိုးသားတယောက်က “နန်းကတ်ချောင်းအနောက်ဘက်ဆို ဘုရားကြွမှာဆိုတော့ ဆေးတွေ ဘာတွေ ခိုင်းသုတ်စေတာဗျာ ဆေးဖိုးမတတ်နိုင်ရင် ထုံးနဲ့ပေါ့၊ ဖြစ်ချင်တော့ တချို့အိမ်တွေက ရေမြုပ်တဲ့အိမ်တွေ ရှိတယ်လေ။ ရေကကြီးတဲ့အတွက် လှေကားနဲ့ ထောင်သုတ်ဖို့က အဆင်မပြေဘူး၊ ကျပ်တည်းနေတဲ့အချိန်မှာ ဝမ်းစာတောင် မနည်းကောင်း ဖြည့်နေရတာ၊ ဒါလုပ်ဖို့က ခဲယဥ်းတာပေါ့။ ကိုယ့်ဟာနဲ့ကိုယ် ငွေကြေးလုပ်ရမှာပေါ့”လို့ ပြောပါတယ်။
ညောင်ရွှေကန်သာရပ်မှာဆိုရင် အိမ်ခြေ ၃၀ ဝန်းကျင်က အောက်ထပ် ရေမြုပ်တာတွေ ကြုံနေရပြီး အိမ်ထောင်စု ၄၀ ကျော်က ဘုန်းကြီးကျောင်းနဲ့ နီးစပ်ရာ အသိမိတ်ဆွေအိမ်မှာ ရွှေ့ပြောင်း နေထိုင်တာတွေ ရှိနေကာ အိမ်ဆေးသုတ်ဖို့အတွက် ကုန်ကျစရိတ် အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။
အင်းလေး ဖောင်တော်ဦး ဒေသစာရီကြွချီပူဇော်ပွဲကို စက်တင်ဘာ ၂၂ ရက်ကနေ အောက်တိုဘာ ၉ ရက်အထိ ၁၈ ရက်ကြာ ပြုလုပ်မယ်လို့ ကြေညာထားပေမဲ့ ခုလက်ရှိအချိန်ထိတော့ အင်းလေးမှာ ရေက ဆက်တိုက်တက်နေလို့ ပြည်သူတချို့ နေရာရွှေ့ပြောင်းတာ၊ ပစ္စည်းတွေ နေရာရွှေ့တာ လုပ်နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲနှစ်မှာလည်း ဒေသစာရီ ကြွချီပူဇော်ခံဖို့ လျာထားပေမယ့် ရေက ၁၄ ပေအထိ တက်တာကြောင့် ပူဇော်ခံပွဲ မလုပ်လိုက်ရဘူးလို့ သိရပါတယ်။