Home
မြန်မာသတင်း
ငလျင်ဘေးသင့် အင်းလေးဒေသအတွက် ILO က အသက်မွေးဝမ်းကျောင်း အကူအညီပေးမည်
DVB
·
August 20, 2025
Photo: ILO

ငလျင်ဘေးသင့် အင်းလေးဒေသခံတွေအတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က အသက်မွေးဝမ်းကျောင်း အကူအညီတွေ စတင်ပေးအပ်သွားမယ့်အကြောင်း ဩဂုတ် ၁၉ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီစီမံကိန်းက ဒေသခံအလုပ်သမားတွေကို ငှားရမ်းပြီးတော့ ပျက်စီးသွားတဲ့ အဆောက်အအုံတွေကို ပြန်လည်တည်ဆောက်ဖို့ ရည်ရွယ်ပြီး ထိခိုက်ခံစားရတဲ့ ရပ်ရွာလူထု အသိုင်းအဝိုင်းအတွက် ကောင်းမွန်တဲ့ အလုပ်အကိုင်တွေ ပေးအပ်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

မတ် ၂၈ ရက်က မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်ခ်ျတာ စကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် မြို့နယ်ပေါင်း ၅၈ မြို့နယ်မှာ ဆိုးရွားစွာ ထိ ခိုက်ပျက်စီးခဲ့ပြီး လူဦးရေ ၁၇ သန်းကျော်ကို သက်ရောက်ခဲ့သလို လူပေါင်း ၉ သန်းကျော်ကတော့ အခက်အခဲတွေ ကြုံတွေ့နေရကြောင်း သိရတယ်လို့ ILO က ပြောပါတယ်။

ခုလတ်တလော လုပ်ဆောင်သွားမယ့် အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေးနဲ့ ရပ်ရွာခံနိုင်ရည်ရှိရေး စီမံကိန်းကိုတော့ ဂျပန်နိုင်ငံရဲ့ လူမှုဘေးကင်းရေး ကွန်ရက် (SSN) က ရန်ပုံငွေပံ့ပိုးမှာဖြစ်ပါတယ်။

ပြည်တွင်း ILO အရင်းအမြစ်တွေက ပံ့ပိုးပေးသွားမှာဖြစ်ကာ အဆောက်အအုံတွေ ပြန်လည် တည်ဆောက်ရေး၊ အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေးနဲ့ ခံနိုင်ရည် အားကောင်းစေရေးတို့ကို အဓိကထားဆောင်ရွက်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါ စီမံကိန်းအရ ကျောင်းတွေ၊ ကျန်းမာရေးဌာနတွေ၊ ဘက်စုံသုံးခန်းမတွေ၊ လမ်းတွေနဲ့ ရေ၊ သန့်ရှင်းရေးနဲ့ တကိုယ်ရေသန့်ရှင်းရေး (WASH) အဆောက်အအုံတွေကို ဒေသခံလုပ်အားနဲ့ ဒေသထွက်ပစ္စည်းတွေ အသုံးပြုပြီးတော့ ပြုပြင်ဖို့၊ ပြန်လည်တည်ဆောက်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အချိန် ၈ လကြာမယ့် ဒီစီမံကိန်းမှာတော့ အမျိုးသမီးတွေအတွက် အနည်းဆုံး ၃၀ ရာခိုင်နှုန်း ခွဲဝေပေးပြီး သင့်တင့်လျောက်ပတ်တဲ့ အလုပ်ရက်ပေါင်း ၂၅,၀၀၀ ကျော် လုပ်ဆောင်ပေးဖို့လည်း မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

Source: ILO

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013