Home
မြန်မာသတင်း
ငလျင်နှင့် ရေဘေးသင့် အင်းလေးတွင် ဖောင်တော်ဦးဘုရားပွဲလုပ်ရန် ပြင်ဆင်နေ
DVB
·
August 18, 2025

ငလျင်နဲ့ ရေဘေးသင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ လက်ရှိအချိန်အထိ မိုးရွာပြီး ရေဆက်တိုက်တက်နေတာ ၈ ပေကနေ ၁၀ ပေအထိ ရှိလာတာကြောင့် ဒေသခံတွေ နေရာရွှေ့ပြောင်းနေရပေမဲ့ ဖောင်တော်ဦးဘုရားပွဲလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မိုးရွာပြီး တောင်ပေါ်ဒေသက တောင်ကျရေတွေ အင်းလေးကန်ထဲကို စီးဆင်းပြီး ရေဆက်တိုက်တက်တာကြောင့် ဒေသခံတွေ နေရာရွှေ့ပြောင်းတာ၊ အိမ်အထပ်မြင့်မှာ ပစ္စည်းတွေ သိမ်းဆည်းရတာ၊ တောင်ကြီးမှာ ရွှေ့ပြောင်းနေထိုင်တာတွေ ရှိနေပေမဲ့ အင်းလေး ဖောင်တော်ဦး ရုပ်ရှင်တော်မြတ် ၂၁ ဌာန ဒေသစာရီ ကြွချီပူဇော်ခံပွဲကို စက်တင်ဘာ ၂၂ ရက်ကနေ အောက်တိုဘာ ၉ ရက်အထိ ၁၈ ရက်ကြာ ပူဇော်ခံဖို့ သက်ဆိုင်ရာ အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရပါတယ်။

အင်းလေးမှာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပြည်သူ ၁၀၀ ကျော် သေဆုံးပြီး နေအိမ်ထောင်ချီ ပျက်စီးခဲ့ရတဲ့အပြင် ခုလက်ရှိမှာလည်း ရေတက်နေတာကြောင့် ပြန်လည်ထူထောင်ရေးကို အပြည့်အဝလုပ်လို့ မပြီးသေးပါဘူး။

ဒေသခံတွေရဲ့ စပါးနဲ့ မြေပဲတွေလည်း ရေနစ်မြုပ်ကုန်လို့ ၇၀ ရာခိုင်နှုန်းလောက်ထိ ပျက်စီးပြီး စီးပွားရေး လုပ်ကိုင်စားသောက်ဖို့လည်း အခက်အခဲတွေ ရှိနေချိန် အခုလို ဘုရားပွဲတော် လုပ်မယ့်အပေါ် ဒေသခံတွေက ဝေဖန်နေကြပါတယ်။

ညောင်ရွှေဒေသခံတယောက်က “အခုလက်ရှိ စစ်ကောင်စီက ဘုရားပွဲလုပ်ဖို့ စီစဥ်နေတယ်လို့ သတင်းကြားတယ်ပေါ့နော်။ ဒါပေမဲ့ ရှေ့တုန်းက မြေငလျင်လှုပ်ထားတဲ့ဟာတွေ ရေကြီးတာတွေ၊ လူသေတာတွေတောင်မှ ပြန်လည်ထူထောင်ရေးတောင် ကောင်းကောင်းမလုပ်နိုင်သေးဘူး။ အခုဆိုလည်း ရေက တောက်လျှောက်တက်နေတာ၊ အင်းထဲဘက်တွေရော ညောင်ရွှေမြို့ပေါ် အနောက်ဘက်ခြမ်းတွေရော ရေက တောက်လျှောက်တက်နေတယ်။ အဲဒီအတွက်ကို ဘယ်လို စီမံရမလဲဆိုတာ မရှိသေးဘဲ ဘုရားပွဲအတွက်ကို ဒီကောင်တွေက သာယာနေပါတယ်။ ဘာညာ အေးဆေးပါ ဆိုတာမျိုး တအားလုပ်ချင်တာပေါ့နော်” လို့ ပြောပါတယ်။

အင်းလေး ဖောင်တော်ဦးဘုရားပွဲဟာ အင်းလေးဒေသအတွက် အထိမ်းအမှတ်ပွဲတော် ဖြစ်ပေမဲ့ အခုလို သဘာဝဘေးဒဏ်ကြား ဒေသခံတွေ ရုန်းကန်နေရသလို ခေတ်ဆိုးရောက်နေချိန်မှာ မလုပ်သင့်တာလို့လည်း နောက်ထပ် အင်းလေးဒေသခံတယောက်က ပြောပါတယ်။

ရေနွေးရွာ ဒေသခံတယောက်က “ဘုရားကြွ အပူဇော်ခံတာထက် ဘုရားရဲ့ အဆုံးအမကို လိုက်နာ ကျင့်ကြံကြဖို့ ပိုအရေးကြီးတယ်။ ဘုရားကို ပူဇော်တာထက် ဓမ္မကို လိုက်နာဖို့ လိုတယ်။ အင်းသားတွေရဲ့ အထိမ်းအမှတ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ခေတ်ဆိုးကြီးမှာ မလုပ်သင့်ဘူး ထင်တယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာလည်း ရေကြီးတာကြောင့် အင်းလေး ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီပူဇော်ခံပွဲကို မပြုလုပ်ဖြစ်ဘူးလို့ သိရပါတယ်။ ဒေသစာရီ ကြွချီပူဇော်ပွဲကို အင်းသားဒေသခံတွေက ပြုလုပ်ဖို့ မျှော်လင့်ကြသလို ရေကြီးနေတဲ့ အခြေအနေကြောင့် အမှန်တကယ် လုပ်ဖြစ်၊ မလုပ်ဖြစ်ကို စောင့်ကြည့်ဖို့လိုတယ်” လို့ ပြောပါတယ်။

ဒေသခံတယောက်ကလည်း “အခုလက်ရှိက စောင့်ကြည့်ရမယ်၊ ရေ ၂ ပေလောက် ထပ်တက်လာရင် ဘုရားကျိန်းတဲ့ဌာန ရေမြုပ်မှာ။ ညောင်ရွှေဘုရား ကြွပင့်တဲ့လမ်းတောင် ရေမြုပ်နေတယ်။ လုပ်ဖြစ်၊ မလုပ်ဖြစ်က စောင့်ကြည့်ရမယ် ၁ လလောက်။ သေချာမပြောတတ်ဘူး။ ရေအရမ်းများရင် မရလောက်ဘူးထင်တယ်” လို့ ပြောပါတယ်။

ခုလက်ရှိအချိန်အထိ ရေဆက်တိုက်တက်နေတာကြောင့် အောက်ထပ်က ရေမြုပ်တဲ့အိမ်တွေက အိမ်အပေါ်ထပ်ကို ရွှေ့နေတာ၊ ပစ္စည်းတွေကို အသိမိတ်ဆွေတွေရဲ့ နေအိမ်မှာ ထားတာ၊ ဝါးအိမ်တွေက စင်ထိုးပြီး နေတာ၊ ငွေကြေးတတ်နိုင်တဲ့သူတွေက တောင်ကြီးမြို့မှာ ရွှေ့ပြောင်းနေထိုင်တာတွေ လုပ်ကြပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ရေကြီးမှုက ၁၄ ပေကျော်အထိ ရှိပြီး ခုလက်ရှိမှာ ၉ ပေကျော်အထိ ရောက်နေတာကြောင့် ဆက်လက်စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

အင်းလေးကန် ရေကြီးမှုက အခုလက်ရှိ အနီရောင်အဆင့်ကနေ သြဂုတ် ၁၉ ရက်ကစပြီး သတိပေးအဆင့် အမြင့်ဆုံး ခရမ်းရောင် (Extreme Level) အထိ ရှိနေနိုင်တာကြောင့် ဒေသခံတွေ သတိထား ရှောင်ရှားကြဖို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013