
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးမှာ မိုးဆက်တိုက်ရွာနေပြီး တောင်ကျချောင်းရေ ကန်ထဲစီးဆင်းနေတာကြောင့် ရေမြင့်တက်လာကာ ကျေးရွာဒေသခံတွေရဲ့ နေအိမ်တွေ နစ်မြုပ်နေတယ်လို့ သိရပါတယ်။
ဇူလိုင် နောက်ဆုံးအပတ်ကနေ ခုလက်ရှိအချိန်အထိ မိုးက ဆက်တိုက်ရွာနေတာကြောင့် ရေက မူလကထက် ၃ ပေကျော်မြင့်တက်လာပြီး နှစ်ထပ်အိမ်တွေက အောက်ထပ်နစ်မြုပ်သလို တထပ်အိမ်တွေကတော့ ရွှေ့ပြောင်းစရာနေရာမရှိဘူးလို့ သိရပါတယ်။
ကျေးရွာဒေသခံအမျိုးသမီးတယောက်က “ရေက ပိုပိုပြီးတက်လာတာ၊ တထပ်အိမ်တွေဆို မြုပ်နေပြီ၊ ရေမြုပ်နေတဲ့ တထပ်အိမ်တွေက ခုလောလောဆယ် အဲ့အိမ်မှာပဲ ဝါးတွေနဲ့ စင်လုပ်ပြီး နေကြတုန်းပဲ၊ ရွှေ့ဖို့နေရာမရှိဘူး။ မနှစ်က ဘုန်းကြီးကျောင်းတွေမှာနေလို့ရတယ်၊ ဒီနှစ်က ကျောင်းတွေလည်း ငလျင်ကြောင့် ပျက်စီးသွားတာ ပြုပြင်လို့ မပြီးသေးဘူးလေ”လို့ ပြောပါတယ်။
ပင်လောင်း၊ ညောင်ရွှေ၊ ကလော၊ အောင်ပန်းဘက်က တောင်ကျရေ၊ အင်းလေးကန်အရှေ့ဘက် အနောက်ဘက်တောင်တွေက တောင်ကျရေတွေက အင်းလေးထဲကို စီးဆင်းနေပြီး အရင်နှစ် ရေကြီးချိန်က ကျန်ခဲ့တဲ့ နုန်းမြေတွေကြောင့် ရေတက်တာပိုဆိုးရွားနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က စက်တင်ဘာလ မိုးရွာချိန်မှသာ ကျေးရွာက အိမ်တွေနဲ့ စိုက်ခင်းတွေ ပျက်စီးသွားခဲ့ရပေမဲ့ အခုနှစ်မှာတော့ ဇူလိုင်လကတည်းက ရေမြင့်တက်နေပြီး စိုက်ခင်းတွေ ပျက်စီးဆုံးရှုံးရသလို မိုးဆက်တိုက်ရွာရင် မနှစ်ကထက် အခြေအနေ ပိုဆိုးနိုင်တယ်လို့ သိရပါတယ်။