
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသက ပြည်သူတွေဟာ စပါးနဲ့ မြေပဲ ချေးငွေယူ စိုက်ပျိုးခဲ့ကြပေမဲ့ ရေမြုပ်ပျက်စီးသွားလို့ အရှုံးပေါ်ပြီး အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေက ဇူလိုင် ၂၂ ရက်က ပြောပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အင်းလေးဒေသမှာ ပြန်လည်ထူထောင်ရေးတွေ ခုလက်ရှိထိ လုပ်နေရပြီး ဝင်ငွေရစေဖို့ ချေးငွေယူကာ စပါးနဲ့ မြေပဲ စိုက်ပျိုးပေမဲ့ ဇွန်လထဲမှာ ရေတက်ပြီး အခင်းတွေ ရေမြုပ်ကုန်တယ်လို့ ဆိုပါတယ်။
ရွာခံအမျိုးသားတယောက်က “ရေမြုပ်တာ ကြာတော့ ပုပ်သွားတယ်။ စိုက်ပျိုးရေးသမားတွေ ဘာမှ ပြန်မရဘူးကော၊ မြေပဲသမား ပိုဆိုးတယ်။ ရေက ရင်ဘတ်လောက်မြုပ်၊ မြေပဲက နုနေသေးတော့ ဘယ်လိုမှ ပြန်ယူမရ။ စပါးက ၂၀ ရာခိုင်နှုန်းလောက်ပဲ ရတယ်”လို့ ပြောပါတယ်။
ချေးငွေယူပြီး စိုက်ပျိုးပေမဲ့ စပါးနဲ့ မြေပဲတွေ ရေမြုပ်ကုန်တာကြောင့် နေစားအလုပ်လုပ်ပြီး အကြွေးဆပ်သူတွေလည်းရှိသလို အကြွေးဆပ်ဖို့ ခက်ခဲနေသူတွေလည်း ရှိတယ်လို့ပြောပါတယ်။
စပါးရေမြုပ် ဆုံးရှုံးခဲ့ရသူတယောက်က “မြေသြဇာလည်း အတိုးနဲ့ယူထားတာ၊ အတိုးက ၁၀ ကျပ်တိုး၊ မဆပ်ရင်လည်း အတိုးကတက်နေတာ၊ နေ့စားအလုပ် သွားပြီးဆပ်ရတာလည်း ရှိတယ်။ တချို့တဝက်လောက်ပဲ ဆပ်နိုင်မယ်” လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ် စက်တင်ဘာလမှာလည်း ရေကြီးတာ ကြုံခဲ့ရချိန် စပါးတွေ ရိတ်သိမ်းပြီးချိန်ဖြစ်လို့ ဆုံးရှုံးမှု နည်းခဲ့ပေမဲ့ အခုနှစ်မှာတော့ ငလျင်ဒဏ်အပြင် ရေကြီးမှုဒဏ်ကို ဇွန်လလောက်ကတည်းက ခံရတာဖြစ်လို့ စပါးတွေလည်း ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
ခုလက်ရှိမှာလည်း ရေထပ်တက်လာတာကြောင့် ရေထပ်ကြီးမှာကို စိုးရိမ်နေကြတယ်လို့ ရွာခံတွေက ပြောပါတယ်။