
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ မိုးတွေ ဆက်တိုက်ရွာနေလို့ အိမ်ခြေ ၁၀၀ ကျော်နီးပါးဟာ အိမ်ရဲ့ အောက်ခြေ တပေနီးပါးလောက် ရေနစ်မြုပ်နေပါတယ်။
ဒါကြောင့် အင်းလေးဒေသ ရေထပ်ကြီးမှာကို စိုးရိမ်လို့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နိုင်ဖို့ ပြင်ဆင်နေကြပါတယ်။
ဇူလိုင် ၂၇ ရက်ကစပြီး မိုးအဆက်မပြတ်ရွာသွန်းလို့ ပင်လောင်း၊ ညောင်ရွှေ၊ ကလောမှာ ရေကြီးရေလျှံခဲ့ပြီး အဲဒီမြို့နယ်တွေက တောင်ကျရေတွေဟာ အင်းလေးကန်အတွင်းကိုပဲ အဓိက စီးဝင်တာကြောင့် အင်းလေးဒေသရှိ နေအိမ်တွေ ရေနစ်မြုပ်ခဲ့တယ်လို့ အင်းလေးဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မိုးဦးကာလ ဇွန်လတုန်းကလည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ရေကြီးမှုဖြစ်ခဲ့ပြီး နေအိမ်တွေ ရေနစ်မြုပ်ခဲ့တဲ့အပြင် ရိတ်သိမ်းခါနီး လယ်ဧကပေါင်း ၃၀,၀၀၀ ကျော်လောက်လည်း ရေနစ်မြုပ်ခဲ့ပြီး ၇၀ ရာခိုင်နှုန်းနီးပါး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိမှာ အင်းလေးဒေသ ရေပေါ်ရွာ အပါအဝင် ရေစပ်ရွာတွေက နေအိမ် ၁၀၀ ကျော်ရဲ့ အိမ်အောက်ထပ် တပေလောက်ထိ ရေနစ်မြုပ်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ နေအိမ်တွေရဲ့ အိမ်အောက်ထပ်တွေ ရေနစ်မြုပ်နေလို့ အမြင့်ပိုင်းနေရာမှာ ယာယီတဲတွေနဲ့ နေထိုင်နေကြသူတွေရှိသလို ဆွေမျိုးတွေရဲ့ နေအိမ်တွေဆီ ပြောင်းရွှေ့နေနေကြသူတွေလည်း ရှိနေတယ်လို့ အင်းလေးဒေသ ကေလာကျေးရွာက ဒေသခံတယောက်က ပြောပါတယ်။
“မိုးတွေ လေးငါးရက် ဆက်တိုက်ရွာပြီးတော့ ရေတွေတက်လာတယ်၊ ၂၄ ရက်နေ့ကစပြီး မိုးတွေ ဆက်တိုက်ရွာပြီး ရေတွေတအားတိုးလာတာ၊ ၃၀ ရက်နေ့တော့ ညီမအိမ်လည်း ကျိုးပါသွားတယ်။ ညီမတို့ခြံထဲမှာလည်း ရေမြုပ်သွားတာ။ တချို့ ရေစိုလို့မရတဲ့ ပစ္စည်းတွေကိုတော့ အမျိုးတွေရဲ့ အိမ်မှာ သွားထားထားရတယ်။ ငလျင်ကြောင့် နေအိမ်မထူထောင်နိုင်သေးတဲ့ ပြိုသွားတဲ့ သစ်အိမ် တော်တော်များများ ကျန်သေးတယ်။ စောင်းသွားတဲ့အိမ်တွေတချို့ ကျန်သေးတယ်။ ဝါးအိမ်တွေကတော့ ပြန်လည်ထူထောင်ပြီးပြီ။ ဒါပေမဲ့ ဝါးအိမ်တွေက နည်းနည်းနိမ့်တော့ ရေကပြန်တက်လာတော့လေ တခြားနေရာမှာပဲ တဲနဲ့ပြန်ထိုးနေတဲ့သူတွေနဲ့ ဆွေမျိုးအိမ်မှာ နေတဲ့သူတွေနဲ့၊ တခြားရွာကို သွားနေရတဲ့သူတွေလည်း ရှိနေပါတယ်။ ဘုန်းကြီးကျောင်းကလည်း ပြန်လည်တည်ဆောက်နေရတော့ အဲဒီမှာလည်း သွားနေလို့မရဘူးလေ။”
မိုးတွေဆက်တိုက်ရွာလာတာနဲ့အမျှ ရေတွေထပ်တက်လာနေလို့ ပြီးခဲ့တဲ့နှစ်ကထက် ရေထပ်ကြီးမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
အင်းလေးကန်အတွင်းကို တောင်ကျရေ၊ မိုးရေတွေနဲ့အတူ စီးဝင်လာတဲ့ နုန်းမြေတွေကြောင့် ရေကြီးမှုတွေဟာ ပြီးခဲ့တဲ့နှစ်ကထက် ပိုဆိုးရွားလာနိုင်တာကြောင့် အင်းလေးကန်အတွင်းက သဲ၊ နုန်း၊ ရွှံ့မြေတွေကို ဆယ်ယူဖို့ ပြင်ဆင်နေတယ်လို့ Save the Inle Lake ရဲ့ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လတ်က ပြောပါတယ်။
“၈ လပိုင်း၊ ၉ လပိုင်းမှာ တကြိမ် မိုးကြီးခဲ့မယ်ဆိုရင် မုန်တိုင်းမဟုတ်သော်လည်း ပုံမှန် မိုးရွာသွန်းမယ် ဆိုရင်တောင် ဒီအင်းလေးကန်မှာ ရေထပ်ကြီး ရေထပ်မြုပ်ဦးမှာပါ။ ဒါကြောင့် ကျနော်တို့ အင်းလေးကန်အတွင်းမှာရှိတဲ့ ရေကန်တွေကို အင်းလေးကန်တောင်ဘက်ပိုင်း လောပိတ ရေအားလျှပ်စစ် အဲဒီဘက်ကို စီးဆင်းတဲ့နေရာမှာ ချောင်းတိမ်ကောပြီး ချောင်းရေစီးဆင်းမှု နှေးကွေးသွားတဲ့ နေရာတွေကို တူးမယ်၊ ဖော်မယ်၊ ရေတွေကိုဆွဲချမယ်၊ ဒါမှသာလျှင် နောက်မိုး ထပ်ရွာတဲ့အချိန်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ရေကြီးတာထက် ပိုဆိုးနိုင်တဲ့ အနေအထားကနေ ကာကွယ်နိုင်ဖို့အတွက် လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။ အဓိက အင်းလေးကန်အတွင်းကို နှစ်ပေါင်းများစွာကတည်းက စီးဝင်လာတဲ့ရေနဲ့အတူ ပါလာတဲ့ သဲ၊ နုန်း၊ ရွှံ့မြေ တော်တော်များများကို စုပ်ထုတ်၊ ဆယ်ထုတ်ရမယ့် အနေအထား ရှိပါတယ်။ အဲဒီလုပ်ငန်းစီမံကိန်း ကလည်း ကြီးမား ကျယ်ပြန့်တဲ့အတွက် နိုင်ငံတော်စီမံကိန်းတရပ်အနေနဲ့ လုပ်ဆောင်မှသာလျှင် အဆင်ပြေမှာပါ။ ဒါကြောင့် နိုင်ငံတော်အစိုးရဆီကိုလည်း ဒီအင်းလေးကန်ကြီး ပြန်လည်ဆယ်ယူပေးဖို့ တင်ပြတောင်းဆိုထားတာလည်း ရှိပါတယ်။”
သစ်ပင်တွေ၊ သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းတာ၊ အင်းလေးကန် ပတ်ပတ်လည်မှာရှိတဲ့ တောင်တန်း ကုန်းမြင့်တွေပေါ်မှာ ရွှေ့ပြောင်းတောင်ယာစနစ်တွေ တိုးချဲ့လာတာတွေကြောင့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု စတဲ့အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် အင်းလေးကန်အတွင်းမှာ ပြီးခဲ့တဲ့နှစ် ရေကြီးချိန်က သဲ၊ နုန်းနဲ့ ရွှံ့မြေတွေ တင်ကျန်ရစ်ခဲ့တာကြောင့် မိုးနည်းနည်းရွာတာနဲ့ ရေတက်တာမြန်ပြီး နေအိမ်တွေ နစ်မြုပ်ကုန်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလတုန်းကလည်း ယာဂီ မုန်တိုင်းကြောင့် အင်းလေးဒေသမှာ နေအိမ်တွေရဲ့ ခေါင်မိုးနစ်မြုပ်တဲ့အထိ ရေကြီးမှုတွေ ဖြစ်ခဲ့ပါတယ်။
ကေခိုင်