
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ရေထပ်တက်လာလို့ ဒေသခံတွေ ရေဘေးရှောင်နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ရေတက်နေခဲ့တာဖြစ်ပြီး ခုလက်ရှိအချိန်မှာတော့ မူလ အင်းရေထက် ၆ ပေလောက်မြင့်တက်နေပြီဖြစ်လို့ တထပ်အိမ်နဲ့နေကြသူတွေ နေလို့မရတော့ဘူးလို့ သိရပါတယ်။
တထပ်အိမ်နေသူတွေဟာ ဇူလိုင်လကုန်ပိုင်းတုန်းက အိမ်ရဲ့အမြင့်မှာ ဝါးတွေနဲ့စင်လုပ်ပြီး နေထိုင်လို့ ရနေသေးပေမယ့် ဒီနေ့မှာတော့ တထပ်အိမ်တွေ နစ်မြုပ်ပြီး နှစ်ထပ်အိမ်ရဲ့ ကြမ်းခင်းပေါ်အထိ ရေတက်လာတာကြောင့် အမြင့်ပိုင်းကအိမ်တွေဆီ ရွှေ့ပြောင်းနေကြရတယ် လို့ ဆိုပါတယ်။
ရွာမ ဒေသခံအမျိုးသားတယောက်က “ရေတွေထပ်တက်လာနေတယ်။ အိမ်ပြောင်းရွှေ့နေရတယ်။ တချို့က ထပ်တက်လာမှာကိုတွေးပြီး တခြားနေရာရွှေ့ရော။ တချို့က ရသလောက်အထိ ဝါးတန်းထိုးပြီး နေကြတယ်” လို့ ပြောပါတယ်။
အင်းထဲက ရွာမ၊ အင်းတိန်၊ သပြေပင်၊ မြောင်းဝကြီး၊ ရှေ့ဝကြီး စတဲ့ ကျေးရွာတွေက ဒေသခံတွေ ရွှေ့ပြောင်းနေကြရတာလို့ သိရပါတယ်။
မိုးကလည်း ဆက်တိုက်ရွာနေပြီး ပင်လောင်း၊ ညောင်ရွှေ၊ ကလော၊ အောင်ပန်းက တောင်ကျရေတွေနဲ့ အင်းလေးကန် အရှေ့ဘက်၊ အနောက်ဘက်တောင်တွေက တောင်ကျရေတွေဟာ အင်းလေး ကန်ထဲကိုပဲ အဓိက စီးဆင်းနေတဲ့အပြင် အရင်နှစ်ရေကြီးချိန်က နုန်းမြေတွေ ကျန်နေခဲ့တာကြောင့် ရေတက်တာ ပိုမြန်နေတာလို့ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အင်းလေးမှာ ၂ လလောက်နီးပါး ရေကြီးနစ်မြုပ်ခဲ့လို့ တချို့အိမ်တွေ ဆွေးမြည့်ပျက်စီးခဲ့ရပါတယ်။
အခုနှစ်မှာတော့ ဇူလိုင်လကတည်းရေကြီးနေလို့ မိုးဆက်တိုက်ရွာရင် မနှစ်ကထက် ပိုဆိုးသွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။