ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတနေရာမှာ စက်တင်ဘာ ၂၂ ရက်ကနေ အောက်တိုဘာလထဲထိ မိုးသည်းထန်ပြီး ရေကြီးလို့ စစ်ရှောင်စခန်းတခု ရေနစ်မြုပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေထံက သိရပါတယ်။
စစ်ရှောင်စခန်းမှာ အိမ်ခြေ ၁၅၀ နီးပါးရှိပြီး ရေနစ်မြုပ်နေလို့ စစ်ရှောင် တဲအိမ် ၁၃ လုံးကို လတ်တလော နေရာရွှေ့ပြောင်းပေးနေရကာ ရေက ထပ်တက်နေတာကြောင့် ရွှေ့ပြောင်းရမယ့်အိမ် ထပ်ရှိနိုင်တယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ Karenni Hope အဖွဲ့တာဝန်ခံက ကိုလွမ်းက ပြောပါတယ်။
“ခုလောလောဆယ် ၁၃ အိမ်လောက်ကို ဘေးလွတ်ရာ ရွှေ့ထားတာပေါ့။ တရက်ကို ၂ ပေကနေ ၃ ပေ တက်နေတယ်လို့ ပြောတယ်။ တောင်ကျရေတွေ စုပြီး ချိုင့်လိုဖြစ်နေတယ်။ သူတို့ကတော့ မိုးကာ အဓိက အကူညီတောင်းတယ်။ အကုန်လုံးနီးပါး ပြောင်းရမယ် ထင်တယ်။ လက်ရှိထိလည်း ရေကတက်နေတယ်။”
နေရာရွှေ့ပြောင်းနေရတာကြောင့် စစ်ရှောင်ပြည်သူတွေ နေထိုင်ဖို့ မိုးကာနဲ့ စစ်ရှောင်ပြည်သူတွေ စားသောက်ဖို့ ရိက္ခာလိုအပ်တာတွေလည်း ရှိနေတာပါ။
ဒီးမော့ဆိုအနောက်ခြမ်းမှာ မိုးဆက်တိုက်ရွာလို့ ကားလမ်းရေကျော်ပြီး ဒေသခံနဲ့ စစ်ရှောင်ပြည်သူတွေ သွားလာရခက်ခဲတာတွေ ကြုံနေရတဲ့အပြင် စစ်ရှောင်စခန်းတွေထဲ ရေဝင်လို့ နေရာရွှေ့ပြောင်းရတာတွေလည်း ရှိနေတာပါ။