Home
နိုင်ငံတကာ
ထိုင်းတွင် မိုးသည်းထန် ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၂၂ ဦး သေဆုံး 
DVB
·
October 8, 2025
Photo: DDPM

ထိုင်းနိုင်ငံမှာ ခုရက်ပိုင်းတွင်း မိုးသည်းထန်၊ ရေကြီးရေလျှံပြီး တောင်ကျချောင်းရေတွေပါ တိုက်စားတာကြောင့်  ပြည်သူ ၃ သိန်းကျော်ရေဘေးသင့်ကာ လူ ၂၂ ယောက် သေဆုံးခဲ့တယ်လို့ ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးဦးစီးဌာန DDPM က ထုတ်ပြန်ပါတယ်။ 

အောက်တိုဘာ ၇ ရက် မနက် ၆ နာရီ ထုတ်ပြန်ချက်အရ ဥဒရာဒစ်၊ ဗိစနုလုတ်၊ ဖစ်ချ်ဘွန်း၊ ဆုခိုထိုင်း၊ ဖိကျစ်၊ နခွန်းဆဝမ်၊ ဥထိုင်းဌာနီ၊ ချိုင်းယနတ်၊ ဆင်းပူးရီး၊ အန်ထောင်း၊ ဆုဖန်းပူးရီး၊ အယုဒ္ဓယ၊ ပထုန်ဌာနီ၊ နခွန်းပထုန်၊ ချိုင်းယဖုမ်း၊ ဥဘွန်းရာ့ချ်ဌာနီ၊ ဥဒွန်းဌာနီ၊ ယဆိုထွဏ်း၊ ချချိန်းဆောင်း ခရိုင်ပေါင်း ၁၉ ခရိုင်၊ ၈၄ မြို့နယ်၊ ၅၄၁ အုပ်စု၊ ရပ်ကွက်နဲ့ကျေးရွာပေါင်း ၃,၀၃၆ ခုက အိမ်ထောင်စုပေါင်း ၁၀၉,၄၂၆ စု ပြည်သူပေါင်း ၃၆၉,၇၂၄ ယောက် ရေဘေးသင့်ပြီး သေဆုံးသူ ၂၂ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

သေဆုံးသူ ၂၂ ယောက်မှာ ဗိစနုလုတ်ခရိုင်မှတယောက်၊ ဥဒရာဒစ်မှ ၈ ယောက်၊ ဖစ်ချ်ဘွန်းမှ တယောက်၊ ဖိကျစ်တယောက်၊ အယုဒ္ဓယ ၈ ယောက်နဲ့ ယဆိုထွဏ်းခရိုင်မှ ၃ ယောက်တို့ ဖြစ်ပါတယ်။ 

ရေဘေးသင့်ပြည်သူတွေအတွက် အစိုးရက တအိမ်ထောင်လျှင် ဘတ် ၉,၀၀၀ စီ ထောက်ပံ့ပေးသွားမှာဖြစ်တယ်။ အထက်ဖော်ပြပါ ၁၉ ခရိုင်မှာ ခုရက်ပိုင်းတွင်း မိုးသည်းထန်၊ ရေကြီးရေလျှံမှုတွေလည်း ဆက်ရှိနေဦးမှာမို့ သတိထားဖို့၊ သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ တွေလည်း ရေဘေးကယ်ဆယ်ရေး ကိရိယာ ရေစုပ်စက်၊ လှေ၊ ရေနုတ်မြောင်းတူးတာတွေ ပြင်ဆင်ထားဖို့ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးဦးစီးဌာန DDPM က ထုတ်ပြန်ပါတယ်။ 

Source : DDPM

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024