
ထိုင်းတောင်ပိုင်း နာရာသီဝပ်ခရိုင်၊ ဆုငိုင်ကိုလုတ်မြို့ရှိ ကုန်တိုက်ကြီးတခုထဲမှာ အောက်တိုဘာ ၅ ရက် ညနေပိုင်းက လူတစု လက်နက်တွေနဲ့ ဝင်ရောက်လာပြီး ရွှေဆိုင်က ရွှေတွေ လုယက်သွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မနေ့ညနေ ၆ နာရီခွဲလောက်က ဝတ်စုံအနက် လက်နက်ကိုယ်စီပါတဲ့ လူ ၈ ယောက်လောက်ဟာ Big C ကုန်တိုက်ထဲကို ဝင်ရောက်လာပြီး လုံခြုံရေးအစောင့်တွေကို သေနတ်နဲ့ချိန် ကားပါကင်ကို ခေါ်သွားတယ်၊ တချို့က ကုန်တိုက်ထဲကလူတွေကို အသံမထွက်ဖို့၊ ထွက်မပြေးဖို့ သေနတ်နဲ့ ခြိမ်းခြောက်ထားပြီး ယောင်ဝရတ်ချ်ဘန်ကောက်ရွှေဆိုင်က ဆိုင်ဝန်ထမ်းတွေကို မောင်းထုတ်တယ်၊ အဲဒီနောက် ဆိုင်ထဲက ရှိသမျှရွှေတွေ အကုန်သိမ်းကျုံးယူဆောင်ပြီး အပြင်မှာရပ်ထားတဲ့ ဟိုင်းလပ်စ်ကား ၂ စီးနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်၊ ထွက်မသွားခင် အနီးနားတဝိုက် သံချောင်းသေးတွေ ဖြန့်ကြဲခဲ့ပြီး ဂက်စ်အိုး ၂ လုံးကိုလည်း ထားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင်နဲ့ တာဝန်ရှိသူတွေ ရောက်လာချိန်မှာ လူဆိုးတွေက ထွက်ပြေးသွားကြပြီ ဖြစ်တယ်၊ စစ်ဆေးချက်အရ ပစ်ခတ်ခြိမ်းခြောက်ခံရတာကြောင့် ကုန်တိုက်ထဲက လူတယောက် ထိခိုက်ဒဏ်ရာ ရသွားတယ်၊ ရွှေထည်ပစ္စည်း အလေးချိန် ဘတ် ၄၀၀ ကျော် (တန်ဖိုးဘတ်ငွေ သန်းပေါင်း ၃၀ ကျော်) ပါသွားတယ်၊ စီစီတီဗီကင်မရာ စစ်ဆေးချက်အရ လူဆိုးတွေ စီးလာတဲ့ အီဇူစူးဒီးမက်နဲ့ တိုယိုတာဟိုင်းလပ်စ်ကား ၂ စီးဟာလည်း တခြားတနေရာကနေ လုယက်လာတာ၊ ကျူးလွန်ပြီးတဲ့နောက် ဆဟုန်ကိုလုတ်မြို့နယ်ဘက်ကို မောင်းထွက်သွားတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ အခုလို အုပ်စုလိုက်ဝင်လာပြီး ဓားပြတိုက်တာဟာ မကြုံစဖူးတဲ့ ဖြစ်ရပ်ပဲလို့ ထိုင်းပြည်သူတွေက သုံးသပ်ကြပါတယ်။
တာဝန်ရှိသူတွေက အဆိုပါနေရာတဝိုက်ကို ထိန်းချုပ်ထားပြီး EOD ကိရိယာနဲ့ အန္တရာယ်ရှိ ပစ္စည်းတွေ လိုက်ရှင်းနေသလို လက်ဗွေရာတွေ စစ်ယူထားတယ်၊ ကုန်တိုက်လုံခြုံရေးအစောင့်နဲ့ တခြား မျက်မြင်သက်သေတွေလည်း စစ်ဆေးလျက်ရှိတယ်၊ ဓားပြမှုကျူးလွန်သူတွေဟာ ၁၀ ယောက်ထက်မနည်း ရှိမယ်လို့ ခန့်မှန်းရပြီး စနစ်တကျ တာဝန်ခွဲဝေ လုပ်ဆောင်တယ်၊ ကြိုတင်ပြင်ဆင်ထားပုံရတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
လတ်တလော ကျူးလွန်သူတွေကို အပူတပြင်းရှာဖွေနေပြီး ထွက်ပြေးနိုင်ဘွယ်ရှိတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့စစ်ဆေးနေတယ်၊ နောက်ဆက်တွဲ တက်လာတဲ့ သတင်းတွေအရ ဓားပြတွေ အသုံးပြုခဲ့တဲ့ ကားတစီးကို မလေးရှားနယ်စပ်ရှိ ဆီအုန်းခြံတခြံထဲမှာ ရပ်ထားတာ တွေ့ရှိတယ်၊ မလေးရှားနယ်စပ်ဂိတ်ပေါက်တွေ စစ်ဆေးနေပြီး မလေးရှားနိုင်ငံဘက်က တာဝန်ရှိသူတွေကိုလည်း လူဆိုးဖမ်းမိရေးမှာ ပူးပေါင်းပါဝင်ဖို့ အကူအညီတောင်းထားတယ်လို့ ဆိုပါတယ်။
Source : INNNews / 3PLus News