Home
မြန်မာသတင်း
ထိုင်းတွင် အောက်တိုဘာ ၁၀ ရက်နေ့ ပန်းရောင်ကတ်အသစ် လုပ်ပေးမည်
DVB
·
October 2, 2025

ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပန်းရောင်ကတ်အသစ်ကို အောက်တိုဘာ ၁၀ ရက်ကစပြီး လုပ်ဆောင်ပေးသွားမယ်လို့ ထိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် ၄ နိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ပန်းရောင်ကတ် (ဘတ်) အသစ်တင်ဖို့ ကိစ္စကို အောက်တိုဘာ ၁၀ ရက်ကစပြီး လုပ်ဆောင်ပေးသွားမယ်လို့ ထိုင်းအစိုးရအဖွဲ့က စက်တင်ဘာလအတွင်း အတည်ပြု ထုတ်ပြန်ပါတယ်။

အထောက်အထားမဲ့ လုပ်သားတွေအနေနဲ့ အောက်တိုဘာ ၁၀ ရက်မှာ အွန်လိုင်းစနစ်ကနေ မှတ်ပုံတင် စာရင်းပေးသွင်းတာ၊ ပြီးနောက် အလုပ်ရှင် သို့မဟုတ် အငှားကုမ္ပဏီတွေကတဆင့် အလုပ်သမားတွေရဲ့ အချက်အလက်နဲ့ Work permit လျှောက်ထားတာတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဘတ်ရိုက်တဲ့ လုပ်ငန်းစဉ်ကို အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ အဆင့်ဆင့် လုပ်ဆောင်ရမှာဖြစ်ပြီး နောက်ဆုံးအဆင့် ပန်းရောင်ကတ် ရိုက်ပြီးသည်အထိ လုပ်ငန်းစဉ်ကိုတော့ ၂၀၂၆ ဇန်နဝါရီအထိ လုပ်ဆောင်ရမယ်လို့ ထိုင်းအစိုးရအဖွဲ့ ရဲ့ ဆုံးဖြတ်ချက်အရ သိရပါတယ်။

ထိုင်းရောက် မြန်မာလုပ်သားတယောက်ဖြစ်တဲ့ ကိုဇော်က “ဘတ်ရိုက်တဲ့ လုပ်ငန်းစဉ်က တရက်တည်းနဲ့ ပြီးသွားတဲ့ အရာတော့ မဟုတ်ဘူးနော်။ ကျနော် ဘတ် စရိုက်တဲ့ နာမည်စာရင်း သွင်းတာကစပြီး အဆုံး စာအုပ်ထဲကို ဗီဇာထည့်တာတို့၊ ကျနော်တို့ စာအုပ်ရှိတဲ့သူက စာအုပ်ထဲကို ဗီဇာထည့်တဲ့အဆင့်ရှိတယ်။ တချို့ စာအုပ်မရှိတဲ့သူတွေကျတော့ စီအိုင်ဆိုပြီး သတ်မှတ်ထားတယ်။ အဲ့စာအုပ်ကို ထပ်လုပ်ရတဲ့ အဆင့်ပေါ့။ အဲ့တော့ အဆင့်တွေ အရမ်းများတာ ဖြစ်တဲ့အတွက် တော်တော်လေး အလုပ်လည်း ရှုပ်တယ်။ နည်းနည်းလည်း စိတ်ရှုပ်ရတယ်။ ပြီးရင် ဘတ်ရိုက်တဲ့ စင်တာတခုရောက်ရင် မြန်မာတွေရော၊ တိုင်းရင်းသားတွေရော လူပေါင်း အများကြီး တွေ့ရတော့ လူအင်အားတွေ များတာက အချိန်တွေ ကြန့်ကြာတာရှိတယ်။ အခု အနေအထားကတော့ အလုပ်ကိစ္စတဖက်နဲ့ ဒီဘက် ဘတ်ကိစ္စခေါ်ပြီဆိုရင် သွေးစစ်တာက တကြိမ်၊ ဗီဇာထုတာက တကြိမ်၊ လက်ဗွေနှိပ်တာက တကြိမ်၊ ပန်းရောင်ကတ်ထုတ်တာ တကြိမ်ဆိုပြီး အကြိမ်ကြိမ် သွားနေရတာပေါ့နော်” လို့ ပြောပါတယ်။

အလုပ်သမားတွေဟာ အောက်တိုဘာကနေ ဒီဇင်ဘာအတွင်း သွေးစစ်တာ၊ ကျန်းမာရေး အာမခံ ဝယ်တာနဲ့ ထိုင်းလဝကရုံးမှာ မိမိတို့ရဲ့ ဇီဝဆိုင်ရာ အချက်အလက် စစ်ဆေး အတည်ပြုတာတွေ လုပ်ရမှာပါ။ ပြီးနောက် လက်ဗွေနှိပ် စစ်ဆေးတာ၊ ဗီဇာတုံးထုတာ စတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ၂၀၂၆ ဇန်နဝါရီ ၂၂ ရက်အထိ လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။

ပန်းရောင်ကတ် ရိုက်တဲ့အခါ ပွဲစားတွေကတဆင့် လုပ်ကိုင်ကြရပြီး ဈေးနှုန်းက ဘတ် ၇,၀၀၀ ဝန်းကျင်ကနေ ၉,၀၀၀ လောက်အထိ ကုန်ကျတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ ပွဲစားတွေကို ကြိုတင်ငွေပေးတဲ့အခါ သတိထားကြဖို့နဲ့ မှန်မှန်ကန်ကန် လုပ်ကိုင်တဲ့ အကျိုးဆောင်ကုမ္ပဏီတွေကိုသာ ရွေးချယ်ကြဖို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက အကြံပေးပါတယ်။

AAC အလုပ်သမားအရေး လှုပ်ရှားသူ ကိုရဲမင်းက “ဘတ်ဖွင့်ရင် သတိထားရမှာက လိုင်းပေါ်ကနေ ကိုယ့်ရဲ့ ကြိုတင်ပေးငွေတွေကို လိမ်သွားမယ့် ပွဲစားတွေ၊ နောက်တခုက စာရွက်စာတမ်း လုပ်တာတွေကို သေချာလုပ်မပေးတဲ့ ပွဲစားမျိုးတွေ၊ ပြီးတော့ ဈေးကြီးတဲ့ ပွဲစားတွေကို ရှောင်ရမှာဖြစ်တယ်။ ဈေးနှုန်းမှန်ကန် ချိုသာတဲ့လူတွေ၊ ကုမ္ပဏီတွေကိုလည်း ကျနော်တို့ မကြာခဏ တင်ပေးနေတယ်။ အဲလိုနေရာတွေကိုပဲ ဝင်ရ လုပ်ရမှာ ဖြစ်တယ်။ အဲ့တော့ လူသစ် ဘတ်ရိုက်တဲ့ အခါမှာလည်း စိတ်ချရတဲ့ ကုမ္ပဏီတွေနဲ့ လျှောက်ကြဖို့၊ အလိမ်မခံရအောင် သတိထား ဆင်ခြင်ကြဖို့၊ အကြိမ်ကြိမ် မထိအောင်၊ ခဏခဏလည်း အထိခံကြရတယ်။ အဲတော့ ဒီတခေါက်မှာ စိတ်ချယုံကြည်ရတဲ့ ကုမ္ပဏီတွေ အများကြီး ရှိပါတယ်။ အဲ့လို ကုမ္ပဏီတွေနဲ့ ချိတ်ဆက်လုပ်ဖို့ တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ နှစ်နိုင်ငံ သဘောတူစာချုပ် MoU စနစ်နဲ့ လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ၊ ၁၀ နှစ်ခံကတ်၊ နယ်စပ်ဖြတ်ကျော်ကတ်၊ ပန်းရောင်ကတ် စတဲ့ အထောက်အထားပုံစံ အမျိုးမျိုးနဲ့  အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စတဲ့ ရွှေ့ပြောင်းလုပ်သားတွေ သန်းချီ ရှိပါတယ်။

နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေထဲမှာ မြန်မာအလုပ်သမား အရေအတွက် အများဆုံးဖြစ်ပြီး လက်ရှိ ထိုင်းနိုင်ငံထဲကို ရွှေ့ပြောင်းရောက်ရှိနေတဲ့ မြန်မာအရေအတွက် ၇ သန်းဝန်းကျင် ရှိနေပြီလို့ ထိုင်းအရပ်ဘက်အဖွဲ့တွေရဲ့  စာရင်းတွေအရ သိရပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013