Home
မြန်မာသတင်း
ထိုင်းစက်ရုံမှ အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၁,၄၀၀ ကျော် အလုပ်ပြန်ရရန် လိုလား
DVB
·
October 2, 2025

ထိုင်းနိုင်ငံ၊ ဖစ်ဘူရီခရိုင်အတွင်းရှိ Cal-Comp Electronics စက်ရုံက ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ်ခံရတဲ့ မြန်မာလုပ်သား ၁,၄၀၀ ကျော်ဟာ လက်ရှိမှာတော့ အလုပ်ရှာဖွေဖို့ ကုန်ကျတဲ့ အကျိုးဆောင်ခထက် နည်းတဲ့ လျော်ကြေး ပေးမယ်လို့ အလုပ်ရှင်ဘက်က ပြောပေမဲ့ အလုပ်ဖြုတ်ခံလိုက်ရတဲ့ စက်ရုံအလုပ်သမားတွေကတော့ အလုပ်ပြန်ရရှိဖို့ပဲ မျှော်လင့်နေကြပါတယ်။

ထိုင်းနိုင်ငံ၊ ဖစ်ဘူရီခရိုင် အတွင်းရှိ Cal-Comp Electronics စက်ရုံက မြန်မာလုပ်သား ၁,၄၅၀ ယောက်ကို စက်တင်ဘာ ၃၀ ရက်မှာ အလုပ်ရှင်တွေက အလုပ်မရှိတော့ဘူးဆိုတဲ့ အကြောင်းပြချက်ပေးပြီး အလုပ်ဖြုတ်လိုက်တာလို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားနေသူတွေက ပြောပါတယ်။

စက်တင်ဘာ ၃၀ ရက် မနက် စက်ရုံကို အလုပ်လုပ်ကိုင်ဖို့ လာစဉ်မှာပဲ တာဝန်ရှိသူတွေက အပြင်ကို တန်းစီခေါ်ထုတ်သွားကာ စာရွက်မှာ လက်မှတ်အတင်းထိုးခိုင်းပြီး ရုတ်တရက် အလုပ်ထုတ်လိုက်တာပါလို့ အလုပ်သမားတွေဆီက သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘန်ကောက် မြန်မာအလုပ်သမားသံအရာရှိရုံးက Cal-Comp Electronics စက်ရုံက မြန်မာရွှေ့ပြောင်းလုပ်သား ၁,၄၅၀ အလုပ်ဖြုတ်ခံရမှုနဲ့ပတ်သက်ပြီး သွားရောက်ညှိနှိုင်း ဆွေးနွေးပေးခဲ့ပါတယ်။

ဆွေးနွေးမှုအပြီး လက်ရှိမှာ အဲဒီစက်ရုံက အလုပ်သမားတွေကို စက်ရုံအလုပ်ရှင်တွေဘက်ကတော့ နစ်နာကြေးအဖြစ် ဘတ် ၁၅,၀၀၀ ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ အဲဒီပမာဏဟာ အဲဒီစက်ရုံမှာ အလုပ်လုပ်ဖို့အတွက် အလုပ်သမားတွေဘက်က ပေးရတဲ့ စမတ်ကြေးခေါ် အလုပ်ရှာပေးတဲ့ အကျိုးဆောင်ခထက် နည်းပါတယ်။

အလုပ်ထုတ်ခံထားရတဲ့ မြန်မာလုပ်သားတွေအနေနဲ့လည်း အဲဒီနစ်နာကြေးထက် အလုပ်လုပ်ခွင့်ပဲ ရချင်တာပါလို့ ပြောဆိုတာတွေလည်း ရှိနေပါတယ်။

မြန်မာအလုပ်သမားတယောက်က “ကျနော်တို့က တခြားအလုပ်ကို စွန့်လွှတ်ပြီးတော့ ဒီအလုပ်က ကောင်းတယ်ဆိုပြီးတော့ ကျနော်တို့ လာခဲ့တာပေါ့။ ဒီအလုပ်ကို မျှော်မှန်းပြီး လာခဲ့တဲ့အတွက် ခုလိုဖြစ်သွားတော့ နောက်မိသားစုတွေ အခက်အခဲတွေ အများကြီး ရှိသွားတာပေါ့။ ကျနော်တို့ ရင်ဆိုင်ရမယ့် အရာတွေ အများကြီးရှိလာတာပေါ့။ ဒါပေမဲ့ ဒီလိုမျိုးဖြစ်လာလည်း ကျနော်တို့ ဘာမှလုပ်လို့မရဘူး။ ဖြစ်ချင်တာက ကျနော်တို့ အလုပ်သမားအခွင့်အ‌ရေးပဲ လိုချင်တာ။ အလုပ်သမားတယောက်ကို ထုတ်တော့မယ်ဆိုရင် အလုပ်သမားအခွင့်အ‌ရေးနဲ့ ကြိုတင်အကြောင်းကြားရမှာလေ။ ကျနော်တို့ကို ခုက ဘာမှ အသိမပေးဘူးဗျာ။ မနေ့ကအထိကို ကျနော်တို့ကို Training တွေ ပေးနေတုန်း၊ ကျနော်တို့ကို ဒီနေ့ခေါ် ဒီနေ့တန်းထုတ်တယ် ဆိုတာက အဆင်မပြေဘူးလေ။ နစ်နာကြေး ၁၀,၀၀၀ ပေးမယ်၊ လိုချင်တဲ့သူပြန်ကြ၊ မလိုချင်ရင် မပြန်ကြနဲ့ဆိုပြီး ပြောတယ်။ အဲလိုပြောပြီးတော့ ကားပေါ်ကို အတင်းဆွဲခေါ်ပြီး ပြန်လွှတ်တယ်။ ကျနော်တို့က နစ်နာကြေးကိုလိုချင်တာ မဟုတ်ဘူးလေ၊ အလုပ်ကိုပဲ လိုချင်တာလေ” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေအရ ၄ လ မပြည့်ခင်မှာ အလုပ်ဖြုတ်ခံရင် လျော်ကြေးပေးစရာ မလိုတဲ့အတွက် အဲဒီစက်ရုံက မြန်မာအလုပ်သမားတွေကို အလုပ်လုပ်တဲ့ကာလ ၄ လ မပြည့်ခင်မှာဘဲ ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်လိုက်တာဖြစ်တယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

လက်ရှိ မြန်မာအလုပ်သမားတွေ အလုပ်ထုတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်နေတဲ့ MHAC မဟာမိတ်အဖွဲ့ကိုလည်း စက်ရုံထဲဝင်ခွင့်မပေးဘဲ ဖြေရှင်းခွင့် ပိတ်ပင်ထားတယ်လို့ ထိုင်းရောက် မြန်မာလုပ်သားအရေး ဆောင်ရွက်နေတဲ့ MHAC မဟာမိတ်အဖွဲ့ ခေါင်း‌ဆောင် ကိုရဲမင်းက ပြောပါတယ်။

“စက်ရုံထဲတော့ ဝင်လို့မရဘူး။ ဒီစက်ရုံတွေက ကျနော်တို့လို အလုပ်သမားအရေး ဖြေရှင်းတဲ့သူတွေလည်း စက်ရုံတွေထဲ ဝင်ပြီးတော့ ဖြေရှင်းလို့မရဘူး။ အဲတော့ ခုက ကျနော်တို့ အပြင်မှာပဲရှိတယ်။ အပြင်မှာပဲ အလုပ်သမားတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ ဥပဒေပိုင်းအရ လုပ်လို့ရတဲ့ အပိုင်းတွေကို ဆက်လုပ်ရမှာပေါ့။ သူတို့က ဥပဒေကို လက်တလုံးခြား လုပ်ထားတယ်၊ ကျနော်တို့လည်း အလုပ်သမားဥပဒေပိုင်းအရ ဆက်တိုက်ရမှာပေါ့။ အမှုက မပြီးသေးလို့ ဒီထက်ပြောရမှာတော့ ခက်ခဲပါသေးတယ်။”

အဲဒီ မြန်မာအလုပ်သမားတွေဟာ စက်ရုံမှာ အလုပ်ရရှိဖို့အတွက် ၃ လလောက် စောင့်ဆိုင်းနေရပြီး တယောက်ကို အလုပ်ရှာပေးတဲ့ အကျိုးဆောင်ခ စမတ်ကြေး ၁၉,၀၀၀ ဘတ် ပေးသွင်းရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး စက်ရုံဘက်က တရားဝင် အလုပ်ခေါ်ချိန်မှာ တရားဝင် စာရွက်စာတမ်း အထောက်အထား အပြည့်အစုံနဲ့ အလုပ်ဝင်ခွင့် ရရှိထားသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

တဖက်မှာလည်း အဲဒီစက်ရုံက လက်ရှိ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေကို အလုပ်ဖြုတ်လိုက်ပေမဲ့ လာမယ့် နိုဝင်ဘာလ‌အတွက် မြန်မာအလုပ်သမားသစ် ထပ်ခေါ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် အလုပ်သမားဟောင်းတွေကို ဖြုတ်ပြီး အလုပ်သမားသစ်တွေဆီက စမတ်ခတွေ ရနိုင်ဖို့ ခုလိုလုပ်တာပါဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

အခု အငြင်းပွားမှုဖြစ်နေတဲ့ Cal-Comp Electronics စက်ရုံမှာ စက်ရုံအလုပ်သမား ၂၉,၂၅၆ ယောက် ရှိရာကနေ လက်ရှိမှာတော့ ၂၇,၈၀၆ ယောက်ပဲ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013