Home
မြန်မာသတင်း
နိုင်ငံ့ဝန်ထမ်းများနည်းတူ ထောက်ပံ့ကြေးတိုးပေးရန် ပုဂ္ဂလိကလုပ်ငန်းရှင်အချို့ ဆန္ဒမရှိ
DVB
·
October 2, 2025

စစ်ကောင်စီက နိုင်ငံ့ဝန်ထမ်း Non CDM တွေနဲ့ အငြိမ်းစားဝန်ထမ်းတွေကို အပိုထောက်ပံ့ကြေး တိုးပေးလိုက်ပေမဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တချို့ကတော့ သူ့ရဲ့ အလုပ်သမားတွေကို  လုပ်ခတိုးပေးလိုတဲ့ဆန္ဒမရှိဘူးလို့ ပြည်တွင်း အလုပ်သမားအရေး လှုပ်ရှားသူတချို့က ပြောပါတယ်။

နိုင်ငံ့ဝန်ထမ်း Non CDM နဲ့ အငြိမ်းစားဝန်ထမ်းတွေကို အောက်တိုဘာလကစပြီး တလကို အပိုထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ တိုးမြှင့်ခံစားခွင့်ပေးသွားမယ်လို့ စစ်ကောင်စီသြဇာခံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက စက်တင်ဘာ ၃၀ ရက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အပိုထောက်ပံ့ကြေး တိုးမြှင့်ခံစားခွင့်ထဲမှာ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍက အလုပ်သမားတွေ မပါသေးပေမဲ့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနကနေ အလားတူ တိုးမြှင့်တဲ့ ကြေညာချက် သီးခြားထွက်လာဖို့ ရှိတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

အထည်ချုပ်အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တယောက်က “အရင်နှစ်ကြိမ်ကလည်း သီးခြားအမိန့် ကြေညာချက်နဲ့ ထောက်ပံ့ကြေး တိုးမြှင့်သတ်မှတ်ပေးခဲ့တာဆိုတော့ အခုလည်း အဲဒီအတိုင်းလာမယ်လို့ ယူဆရတယ်။ လုပ်ငန်းရှင်တွေဘက်က ထပ်မတိုးပေးချင်တဲ့အသံတွေ ထွက်နေတာ ကြားရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ၂၀၂၃ အောက်တိုဘာနဲ့ ၂၀၂၄ သြဂုတ်လတို့မှာ တရက်ကို ထောက်ပံ့ကြေး ၁,၀၀၀ ကျပ်စီ တိုးမြှင့်သတ်မှတ်ခဲ့တာဖြစ်ပြီး အခု တတိယအကြိမ် တိုးပေးတာ ဖြစ်ပါတယ်။

လက်ရှိ အလုပ်သမားတွေရဲ့ အခြေခံ တရက်လုပ်ခက ထောက်ပံ့ကြေး ကျပ် ၂,၀၀၀ ပါမှ ၆,၈၀၀ ကျပ် ဖြစ်ပါတယ်။

အရင်နှစ်ကြိမ် ထောက်ပံ့ကြေး တိုးသတ်မှတ်စဥ်က စက်ရုံတချို့က လိုက်နာဆောင်ရွက်တာမရှိတဲ့ ဖြစ်ရပ်တွေရှိလို့ အလုပ်သမား နစ်နာနေရတယ်လို့ ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတယောက်က ပြောပါတယ်။

“အခုထိ သတ်မှတ်ထားတဲ့ ထောက်ပံ့ကြေးမပေးတဲ့ စက်ရုံတွေ ရှိနေသေးတယ်။ အခု ထပ်တိုးသတ်မှတ်ပေးရင်လည်း အဲဒီစက်ရုံတွေ လိုက်နာမယ့်အနေအထား မရှိဘူး။ အမိန့်ထုတ်ပြီး တကယ်လိုက်နာတာ ရှိ၊ မရှိ ပြန်စစ်ဆေးဖို့သင့်တယ်။”

ပြည်တွင်းမှာ ရရှိတဲ့ လုပ်ခနဲ့ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းက မကာမိတာကြောင့် စက်ရုံတချို့မှာ လုပ်ခတိုးမြှင့်ပေးဖို့ ဆန္ဒပြ တောင်းဆိုတာတွေ ရှိခဲ့ပြီး အလုပ်သမားတွေ ဆန္ဒအတိုင်း တိုးပေးတဲ့ စက်ရုံတွေ ရှိသလို တိုးပေးဖို့ ငြင်းဆန်တဲ့ စက်ရုံတွေလည်း ရှိခဲ့တယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

လက်ရှိမှာ အလုပ်သမားတွေက တရက် လုပ်ခကို ကျပ် ၁၀,၀၀၀ ထက်မနည်းပေးဖို့ တောင်းဆိုထားကြတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013