
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ခဲကျင်း မြေပြိုတာကြောင့် ခဲတွင်း လုပ်ကိုင်တဲ့ ပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ဖြစ်စဥ်သိသူက ပြောပါတယ်။
စက်တင်ဘာ ၂၀ ရက် ည ၁၁ နာရီမှာ မြေပြိုပြီး တယောက်သေဆုံးကာ နောက်ထပ် ထိမိသူတယောက်က စက်တင်ဘာ ၂၁ ရက် မနက်အထိ စကားအနည်းငယ်ပြောနိုင်ပေမဲ့ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဖြစ်စဥ်သိသူက “ခဲကျင်းက ကျဥ်းကျဥ်းလေးမလို့ ယူထုတ်ရ ခက်နေတာ။ မနေ့ည ၁၁ နာရီက ပြိုတာ၊ ဒီမနက် ၃ နာရီထိ ပိမိသူက စကားပြောသေးတယ်၊ အခု အသံမကြားတော့ဘူး။ လူများတယ်၊ ကယ်ဆယ်ရေးတွေက၊ ခဲတွင်းကျဥ်းလို့ နှိုက်ယူလို့မရတာ” လို့ ပြောပါတယ်။
အဆိုပါနေရာက သြဂုတ်လ တတိယအပတ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရပြီး ပြည်သူ ၃၂ ယောက်အထိ သေဆုံးခဲ့တဲ့နေရာလို့ သိရပါတယ်။
မော်ချီးဒေသမှာ ခဲလုပ်ငန်းကို လုပ်ကိုင်နေကြသူတွေက မြေပြိုမှုတွေ ကြုံတွေ့ရတာရှိပေမဲ့ အခုတခေါက်မှာတော့ လေကြောင်းကနေ ဗုံးကြဲခံရပြီး မြေပြိုမှုက ပိုဆိုးနေကာ ထပ်မံ ပြိုကျနိုင်တယ်လို့လည်း ဆိုပါတယ်။