
မြန်မာပြည်တွင်း လုပ်ငန်းခွင် အငြင်းပွားမှုတွေရှိနတဲ့ စက်ရုံတွေဆီ စစ်ကောင်စီသြဇာခံ အလုပ်သမားရေးရာ ပေါင်းစပ်စစ်ဆေးရေးအဖွဲ့တွေက သွားရောက်စစ်ဆေးရာမှာ ပကတိဖြစ်ရပ်တွေကို မျက်ကွယ်ပြုပြီး အစီရင်ခံနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက လုပ်ငန်းခွင်အငြင်းပွားမှု သတင်းထွက်တဲ့ စက်ရုံတွေဆီ အလုပ်သမားရေးရာ ပေါင်းစပ်စစ်ဆေးရေးအဖွဲ့လွှတ်ပြီး သတင်းထုတ်ပြန်တာတွေ လုပ်လာပေမဲ့ ဖြစ်ရပ်မှန်ကို သိအောင် စုံစမ်းတာမျိုးမရှိဘူးလို့ ဆိုပါတယ်။
လှိုင်သာယာမြို့နယ်မှ အလုပ်သမားအရေး ကူညီနေသူတယောက်က “အလုပ်ရှင်ဘက်က တင်ပြတာလောက်ကိုပဲ အတည်ယူသွားတာတွေ တွေ့ရတယ်။ သူတို့ ခေါ်မေးတဲ့ အလုပ်သမားတွေ ဆိုရင်လည်း စက်ရုံဘက်က သင်ထားပေးတဲ့သူတွေ။ အဲဒီတော့ တကယ်ဖြစ်နေတာကို သိရဖို့ မရှိဘူးလေ၊ အလုပ်ရှင်ကို ကာဗာလုပ်ပေးဖို့ သက်သက်လိုဖြစ်နေတာ” လို့ ပြောပါတယ်။
အလုပ်သမားဝန်ကြီးဌာနက စက်ရုံတချို့မှာ ဖြစ်ပေါ်နေတဲ့ အငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး စစ်ဆေးရေးအဖွဲ့တွေက တင်ပြတဲ့ တွေ့ရှိချက်တွေကို ဒီရက်ပိုင်းအတွင်း ထုတ်ပြန်ပေးနေတာ ဖြစ်ပါတယ်။
စစ်ဆေးတွေ့ရှိချက်နဲ့ ပတ်သက်လို့ ထုတ်ပြန်ရာမှာ စက်ရုံဘက်က ချိုးဖောက် ကျူးလွန်နေတယ် ဆိုပြီး သတင်းထွက်နေတဲ့ အကြောင်းအရာအများစုက မဟုတ်မှန်တဲ့အကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။
စစ်ဆေးတဲ့သူတွေအနေနဲ့ စက်ရုံဘက်က ကြိုတင်ပြင်ဆင်ချိန်ရအောင် လာရောက်စစ်ဆေးမှာကို ကြိုတင်အကြောင်းကြားလေ့ရှိတာကြောင့် ထိရောက်မှုမရှိဘူးလို့ စက်ရုံလုပ်သားတချို့က ဆိုပါတယ်။
လှိုင်သာယာမြို့နယ်ရှိ Wan Xin အထည်ချုပ်စက်ရုံမှ အလုပ်သမားတယောက်က “သူတို့စိတ်ကြိုက် အလုပ်သမားတွေကိုခေါ်ပြီး ကြိုတင်ဇာတ်တိုက်ထားတာ။ ဘာမေးမေး ကောင်းပါတယ်ပေါ့။ အခုလည်း တကယ်နစ်နာနေတဲ့ ကိစ္စတွေက မဟုတ်ပါဘူးဆိုပြီး ထုတ်ပြန်လာတယ်။ အဖြစ်မှန် သိရအောင် စစ်တာမှမဟုတ်တာ” လို့ ပြောပါတယ်။
Wan Xin အထည်ချုပ်စက်ရုံကို အလုပ်သမားရေးရာပေါင်းစပ်အဖွဲ့က သြဂုတ်လကုန်ပိုင်းမှာ ဝင်စစ်ခဲ့တာဖြစ်ပြီး အလုပ်သမားတွေ ကြုံတွေ့နေရတဲ့ ဖိနှိပ်ခိုင်းစေတဲ့ လုပ်ရပ်တွေက မှန်ကန်မှုမရှိဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
စက်ရုံတချို့က စစ်ဆေးတဲ့အဖွဲ့ မလာခင်မှာ နစ်နာချက်တွေကို ပြောနိုင်တဲ့ အလုပ်သမားတွေကို တခြားနေရာရွှေ့ထားတာ၊ အဖြစ်မှန်ပြောတဲ့သူကို အလုပ်ထုတ်မယ်ဆိုပြီး ခြိမ်းခြောက်တာမျိုးလည်း လုပ်လေ့ရှိတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။
စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ အချိန်ပို မတန်တဆခိုင်းနေတဲ့ စက်ရုံတွေကို အရေးယူသွားမယ်လို့ သြဂုတ်လကုန်ပိုင်းက သတိပေးခဲ့ပေမဲ့ လက်တွေ့အရေးမယူတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။