
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်က ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ စက်တင်ဘာ ၁၄ ရက်က မြေကျင်းပြိုကျလို့ အလုပ်သမား ၂ ယောက် သေဆုံးခဲ့ပါတယ်။
မနေ့ မွန်းလွဲပိုင်းက မြေပြိုကျတဲ့အတွက် လူပိနေတဲ့သတင်းအရ ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့က သွားရောက်ခဲ့တဲ့အခါ အလုပ်သမားတွေ မြေပြိုလို့ သေဆုံးနေတာကို တွေ့ရတယ်လို့ သိရပါတယ်။
သေတဲ့သူတွေက အသက် ၂၀ လောက်ပဲ ရှိသေးတဲ့ လူငယ်တွေဖြစ်ပြီး ကော့သောင်းမှာ အလုပ်လာလုပ်တဲ့ အညာသားတွေ ဖြစ်တယ်လို့ ပရဟိတအသင်းက ပြောပါတယ်။
မြေပြိုကျတဲ့နေရာဟာ နဂိုက အမှိုက်ပုံတဲ့နေရာဖြစ်ပြီး အခုမှ အဆောက်အအုံဆောက်ဖို့ မြေကြီး ပြုပြင်တာတွေ လုပ်နေကြတာလို့လည်း သိရပါတယ်။
ပရဟိတအသင်းဝင်တယောက်က “အမှိုက်ပုံထားတဲ့နေရာဆိုတော့ မြေက ပွနေတာ ဖြစ်မယ်။ သူတို့က အဲဒီနေရာမှာ အဆောက်အအုံအတွက် မြောင်းတွေ တူးတာက ဖြစ်တယ်လို့ ကြားပါတယ်”လို့ ပြောပါတယ်။
လက်ရှိမှာတော့ သေသွားတဲ့ အလုပ်သမား ၂ ယောက်ရဲ့ အလောင်းတွေကို ရွှေအဏ္ဏဝါ ပရဟိတ လူငယ်အဖွဲ့၊ အေးရိပ်ငြိမ်းလူမှုကူညီရေးအသင်းတွေက ကော့သောင်း ၂ မိုင် ဆေးရုံကို ပို့ခဲ့ပြီး ဆေးရုံကနေ ရင်ခွဲရုံ အအေးတိုက်ထဲမှာ ထားတယ်လို့ သိရပါတယ်။