
အမေရိကန် လူဝင်မှုကြီးကြပ်ရေးရဲ့ ဖမ်းဆီးတာခံခဲ့ရတဲ့ တရားမဝင် တောင်ကိုရီးယား အလုပ်သမား ၃၀၀ ဟာ စင်းလုံးငှားလေယာဉ်နဲ့ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်ကို စက်တင်ဘာ ၁၂ ရက်က ပြန်လည်ရောက်ရှိလာပါတယ်။
စက်တင်ဘာ ၄ ရက်က ဟွန်ဒိုင်းစက်ရုံကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးက ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် အလုပ်သမား ၄၇၅ ယောက်ကို လက်ထိပ်ခတ်ပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အဲဒီအထဲမှာ အများစုဟာ တောင်ကိုရီးယားနိုင်ငံသားတွေဖြစ်ပြီး ဒီအဖြစ်အပျက်ဟာ တောင်ကိုရီးယားမှာရှိတဲ့သူတွေကို အံ့အားသင့် ထိတ်လန့်စေခဲ့ပါတယ်။
ဖမ်းမိတဲ့ တရားမဝင် အလုပ်သမား ၃၁၆ ယောက်ကို တောင်ကိုရီးယားကို ပြန်လွှတ်ပေးဖို့ တပတ်ကြာ ဆွေးနွေးမှုတွေ ပြုလုပ်ပြီး အခုလို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။
ဒီလေယာဉ်မှာ တရုတ်နိုင်ငံသား ၁၀ ယောက်၊ ဂျပန်နိုင်ငံသား ၃ ယောက်နဲ့ အင်ဒိုနီးရှားနိုင်ငံသား တယောက်တို့လည်း ပါဝင်ပါတယ်။
အမေရိကန်မှာရှိတဲ့ တောင်ကိုရီးယားစက်ရုံမှာ ကျွမ်းကျင်လုပ်သားတွေ လိုအပ်နေပြီး သူတို့အတွက် သင့်တော်တဲ့ ဗီဇာရရှိဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။
ဒီတပတ်အတွင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ကို သွားရောက်ခဲ့ပြီး တောင်ကိုရီးယား အလုပ်သမားတွေအတွက် သင့်တော်တဲ့ဗီဇာ ဖန်တီးပေးဖို့ ၂ နိုင်ငံ ဆွေးနွေးမှုပြုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။
ဟွန်ဒိုင်း မော်တာလုပ်ငန်းကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးက ဝင်ရောက်စီးနင်းမှုနဲ့ ရာနဲ့ချီတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေ ဖမ်းဆီးခံရတာက တောင်ကိုရီးယားကုမ္ပဏီတွေ အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့ ချီတုံချတုံဖြစ်စေတယ်လို့ တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ မဟာမိတ်နိုင်ငံဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ဒေါ်လာ ၁၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံဖို့ ကတိပြုထားပါတယ်။
LG ကုမ္ပဏီကလည်း ဟွန်ဒိုင်းကုမ္ပဏီနဲ့အတူ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။
တောင်ကိုရီးယားနိုင်ငံသားတွေ ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ သတင်းတွေ ပျံ့နှံ့ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ အမေရိကန် အလုပ်သမားတွေကို ငှားရမ်းသင့်တဲ့အကြောင်း ပြောဆိုထားပါတယ်။
Source: Reuters