Home
ရုပ်သံ
အမေရိကန် ဒဏ်ခတ်ပိတ်ဆို့ထားသည့် ဂျော်နသန်ကျော်သောင်း အူရီဒူးမြန်မာ ပိုင်ရှင်ဖြစ်လာ
DVB
·
September 11, 2025

စစ်ကော်မရှင်ကို တဖက်တလမ်းက ပံ့ပိုးကူညီနေသူ ဦးကျော်သောင်း မျိုးဆက်၊ ဦးမိုးကျော်သောင်းရဲ့သား (စစ်တပ်အတွက် လက်နက်ပွဲစားလုပ်တယ်လို့ နာမည်ထွက်နေသူ) ဂျော်နသန်ကျော်သောင်းက အူရီဒူး ဆက်သွယ်ရေးကုမ္ပဏီရဲ့ လုပ်ငန်းတွေရဲ့ပိုင်ရှင် ဖြစ်လာပြီလို့ မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ငန်းအသိုက်အဝန်းမှာ စုံစမ်းချက်အရ DVB က သတင်းရရှိထားပါတယ်။

စီးပွားရေး လုပ်ငန်းရှင်တယောက်က “ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေကြားထဲမှာတော့ ပိုင်ရှင်အစစ်ဟာ ဘယ်သူလဲ သိကြပါတယ်၊ ဦးကျော်သောင်းရဲ့ မြေးပါ။ ဂျော်နသန် ကျော်သောင်းဆိုတာ စီးပွားရေးသမားလောကမှာ လူတိုင်းသိပါတယ်” လို့ DVB ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ လည်ပတ်နေတဲ့ ကာတာအခြေစိုက် အူရီဒူး ဆက်သွယ်ရေးကုမ္ပဏီရဲ့ လုပ်ငန်းတွေကို စင်ကာပူအခြေစိုက် Nine Communications Pte. Ltd က ဝယ်ယူမှု ပြီးပြတ်သွားတဲ့အတွက် လာမယ့် စက်တင်ဘာ ၂၀ ရက်က စပြီး U9 အမည်သစ် တရားဝင် ကူးပြောင်းသွားတော့မယ်လို့ အူရီဒူးမြန်မာကလည်း ဒီကနေ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်လာခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၈ ရက်က ကာတာအခြေစိုက် အူရီဒူးကုမ္ပဏီဟာ အမေရိကန် ဒေါ်လာ ၅၇၆ သန်းနဲ့ မြန်မာနိုင်ငံမှာ လည်ပတ်နေတဲ့ အူရီဒူး ဆက်သွယ်ရေးကုမ္ပဏီရဲ့ လုပ်ငန်းတွေကို စင်ကာပူအခြေစိုက် Nine Communications Pte. Ltd ထံ ရောင်းချဖို့ သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီလို့ တရားဝင်ထုတ်ပြန်ပြီးနော် ၃ နှစ်အကြာမှာ ငွေပေးချေမှု ပြီးပြတ်ခဲ့တာမို့လို့ အခုလို နာမည်ပြောင်းခွင့်ရခဲ့တာလို့ သိရပါတယ်။

Ooredoo Myanmar ကုမ္ပဏီရဲ့ မူရင်းပိုင်ရှင်ဖြစ်တဲ့ စင်ကာပူအခြေစိုက် Ooredoo Asian Investments ကုမ္ပဏီ (OAI) ဟာ မြန်မာနိုင်ငံက ဆက်သွယ်ရေးလုပ်ငန်းကို Nine Communications ကုမ္ပဏီထံ စုစုပေါင်း အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၁၆၂ သန်း သတ်မှတ်ကာ အမေရိကန်ဒေါ်လာ ၅၇၆ သန်းနဲ့ ရောင်းချဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။

ကာတာအခြေစိုက် အူရီဒူးကုမ္ပဏီထံကနေ ဝယ်ယူလိုက်တဲ့ စင်ကာပူအခြေစိုက် Nine Communications Pte. Ltd ရဲ့ ကုမ္ပဏီပိုင်ဆိုင်မှုမှာ ဦးဉာဏ်ဝင်း ဆိုသူနဲ့ Link Family Office တို့ ဖက်စပ်ပိုင်တယ်လို့ အူရီဒူးရဲ့ သဘောတူကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ နောက်ကွယ်မှာ စီးပွားရေးအင်အားတောင့်တင်းတဲ့ ခရိုနီလုပ်ငန်းရှင်ကြီးတွေ ပါတယ်လို့ သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။

အူရီဒူးကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ တတိယအကြီးဆုံး ဖုန်းကုမ္ပဏီဖြစ်ပြီး အာဏာမသိမ်းမီ ၂၀၂၀ တုန်းက သုံးစွဲသူ ၁၅ သန်းနီးပါး ရှိခဲ့ပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၈ သန်းကျော် (၈ ဒသမ ၃) အထိ လျော့ကျသွားတယ်လို့ အူရီဒူးကုမ္ပဏီဘက်က ၂၀၂၂ ခုနှစ်မှာ ထုတ်ပြန် ပြောဆိုထားခဲ့တာ ရှိပါတယ်။

အူရီဒူးရဲ့ အရောင်းအဝယ်လုပ်ငန်းထဲ နီးစပ်ခဲ့သူ ပြောတာက ပိုင်ရှင်အသစ်ပြောင်းသွားပြီဖြစ်တဲ့ Ooredoo Myanmar (အူရီဒူးမြန်မာ) ကုမ္ပဏီရဲ့ ပိုင်ရှင်အသစ်ဟာ ဂျော်နသန်ကျော်သောင်း မိသားစုလို့ ထုတ်ဖော်ပြောဆိုပါတယ်။

ဂျော်နသန်ကျော်သောင်း ဆိုသူဟာ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့ခံခဲ့ရတဲ့ KT လုပ်ငန်းစု တည်ထောင်သူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၃ ရက်ကမှ အမေရိကန်ဘက်က ပိတ်ဆို့မှုကို ပယ်ဖျက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နော်ဝေအခြေစိုက် တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီက မြန်မာနိုင်ငံကနေ အရင်ဆုံး ထွက်ခွာသွားခဲ့တာပါ။ ဒီ့နောက် အူရီဒူးမြန်မာက ဆက်လက်ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာ ၂၀ ရက်ကစပြီး U9 အမည်သစ် တရားဝင်ကူးပြောင်းမယ့် အူရီဒူးရဲ့ လက်ရှိဖုန်းနံပါတ်တွေနဲ့ ဆင်းမ်ကတ်တွေဟာ တစုံတရာ ပြောင်းလဲမှုရှိမှာ မဟုတ်တဲ့အပြင် အသုံးပြုနေတဲ့ အစီအစဉ်တွေ၊ လက်ကျန်ငွေတွေနဲ့ ဝယ်ယူထားတဲ့ ဝန်ဆောင်မှုအစီအစဉ်တွေ အရင်အတိုင်း ဆက်လက်အလုပ်လုပ်နေမယ်လို့ အူရီဒူးမြန်မာဘက်က ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်က တက်ကြွလှုပ်ရှားတဲ့အဖွဲ့ဖြစ်တဲ့ Justice For Myanmar (JFM) က စစ်ကော်မရှင်ဟာ ပြည်တွင်းအင်တာနက်အသုံးပြုသူတွေကို စောင့်ကြည့်ထောက်လှမ်းဖို့ အတွက် တရုတ်ကုမ္ပဏီ Geedge Networks ရဲ့ အင်တာနက် စောင့်ကြည့်ထောက်လှမ်း စက်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ဆက်သွယ်ရေးကုမ္ပဏီ ၁၃ ခုမှာ တပ်ဆင်အသုံးပြုနေတယ်လို့ ဖော်ထုတ်ထားတာရှိပါတယ်။ အဲဒီအထဲမှာ အူရီဒူးမြန်မာလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013