
အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်ရှိ ဟွန်ဒိုင်းကုမ္ပဏီ စက်ရုံ အလုပ်သမားတွေ ရာနဲ့ချီ ဖမ်းဆီးခံခဲ့ရတဲ့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ စီးနင်းမှုကြောင့် ကိုရီးယားကုမ္ပဏီတွေ အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်မယ့် ဆုံးဖြတ်ချက်တွေအပေါ် သက်ရောက်မှု ရှိသွားနိုင်တယ်လို့ တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်က ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ဂျော်ဂျီယာပြည်နယ်ရှိ လျှပ်စစ်ကားဘက်ထရီတွေ ထုတ်လုပ်မယ့် ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံဖိုး ရင်းနှီးမြှုပ်နှံထားတဲ့ ဟွန်ဒိုင်းမော်တော်နဲ့ LG solution စွမ်းအင်ပရောဂျက်တခုကို ဝင်ရောက်စီးနင်းမှုကြောင့် အဖမ်းခံရသူ ၄၀၀ ကျော်မှာ တောင်ကိုရီးယား အလုပ်သမား ၃၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး တောင်ကိုရီးယား တနိုင်ငံလုံး တုန်လှုပ် ချောက်ချားခဲ့ရကာ အမေရိကန်မှာ စီးပွားရေးလုပ်နိုင်မှုနဲ့ ပတ်သက်တဲ့ မေးခွန်းထုတ်စရာတွေ ထွက်ပေါ်လာခဲ့ပါတယ်။
စီးနင်းမှုဟာ ထိတ်လန့်စရာ ဖြစ်ရပ်တခုဖြစ်ပြီး အရှုပ်အထွေး အများအပြား ဖြစ်စေခဲ့ပြီးတော့ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းတွေ အမေရိကန်မှာ ရင်းနှီးမြှုပ်နှံဖို့ကို ချီတုံချတုံ ဖြစ်ဖွယ်ရှိကြောင်း သမ္မတ အီဂျယ်မြောင်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
ဖော့ခ်စတန် ထိန်းသိမ်းရေးစခန်းမှာ ချုပ်နှောင်ခံထားရတဲ့ တောင်ကိုရီးယားလူမျိုး ၃၁၆ ယောက်ကို စင်းလုံးငှားလေယာဉ်နဲ့ တောင်ကိုရီးယားကို ခေါ်ယူဖို့ စီစဉ်ထားတယ်လို့ သမ္မတ အီဂျယ်မြောင်က ပြောပါတယ်။
Source: Reuters