Home
မြန်မာသတင်း
ထိုင်းစက်ရုံက  မြန်မာလုပ်သား ၁,၄၀၀ ကျော်ကို အကြောင်းမကြားဘဲ အလုပ်ဖြုတ်
DVB
·
October 1, 2025

ထိုင်းနိုင်ငံရှိ CD စက်ရုံတရုံမှာ မြန်မာလုပ်သား ၁,၄၀၀ ကျော်ကို ကြိုတင်အကြောင်းကြားတာမရှိဘဲ အလုပ်ထုတ်ပစ်လိုက်တယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားနေသူတွေက ပြောပါတယ်။

စက်တင်ဘာ ၃၀ ရက်မှာ ထိုင်းနိုင်ငံ၊ ဖစ်ဘူရီခရိုင်အတွင်းရှိ CD စက်ရုံက မြန်မာလုပ်သား ၁,၄၅၀ ကို အလုပ်ရှင်တွေက အလုပ်မရှိတော့ဘူးဆိုတဲ့ အကြောင်းပြချက်ပေးပြီး အလုပ်ဖြုတ်လိုက်တာပါ။

ဒီကနေ့ မနက်စက်ရုံကို အလုပ်လုပ်ကိုင်ဖို့လာစဉ်မှာပဲ တာဝန်ရှိသူတွေက အပြင်ကို တန်းစီခေါ်ထုတ်သွားကာ စာရွက်မှာ လက်မှတ်အတင်းထိုးခိုင်းပြီး ရုတ်တရက် အလုပ်ထုတ်လိုက်တာပါလို့ အလုပ်သမားတွေဆီက သိရပါတယ်။

အလုပ်သမားအရေးဆောင်ရွက်နေသူတယောက်က “ရုတ်တရက်အလုပ်ဖြုတ်လိုက်တာပါ။ အလုပ်သမားတွေက ၄ လမပြည့်သေးတဲ့ အလုပ်သမားတွေပါ။ ထိုင်းနိုင်ငံမှာ ၄ လမပြည့်သေးဘဲနဲ့ အလုပ်ဖြုတ်ရင် လျော်ကြေးပေးစရာမလိုဘူး၊ သူတို့ အဲဒါကိုသိလို ၄ လမပြည့်ခင်မှာ ဖြုတ်လိုက်တာပါ” လို့ ပြောပါတယ်။

စက်ရုံအလုပ်ရှင်တွေဘက်ကတော့ အလုပ်သမားတယောက်စီကို နစ်နာကြေးအဖြစ် ဘတ် ၄,၀၀၀ ကျော်နဲ့ လုပ်အားခတွေပေးကာ လက်မှတ်အတင်းထိုးခိုင်းပြီး နှင်ထုတ်နေတယ်လို့ အလုပ်ဖြုတ်ခံခဲ့ရတဲ့ မြန်မာလုပ်သားတယောက်က ပြောပါတယ်။

လက်ရှိ မြန်မာအလုပ်သမားတွေ အလုပ်ထုတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်နေတဲ့ MHAC မဟာမိတ်အဖွဲ့ကိုလည်း စက်ရုံထဲဝင်ခွင့်မပေးဘဲ ဖြေရှင်းခွင့်ပိတ်ပင် ထားတယ်လို့ ဆိုပါတယ်။

MHAC မဟာမိတ်အဖွဲ့ခေါင်း‌ဆောင် ကိုရဲမင်းက “စက်ရုံထဲတော့ ဝင်လို့မရဘူး။ ဒီစက်ရုံတွေက ကျနော်တို့လို အလုပ်သမားအရေး ဖြေရှင်းတဲ့သူတွေလည်း စက်ရုံတွေထဲဝင်ပြီးတော့ ဖြေရှင်းလို့မရဘူး။ အဲတော့ ခုက ကျနော်တို့ အပြင်မှာပဲရှိတယ်။ အပြင်မှာပဲ အလုပ်သမားတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ ဥပဒေပိုင်းအရ လုပ်လို့ရတဲ့အပိုင်းတွေကို ဆက်လုပ်ရမှာပေါ့။ သူတို့က ဥပဒေကို လက်တလုံးခြားလုပ်ထားတယ်။ ကျနော်တို့လည်း အလုပ်သမားဥပဒေပိုင်းအရ ဆက်တိုက်ရမှာပေါ့။ အမှုကမပြီးသေးလို့ ဒီထက်ပြောရမှာတော့ ခက်ခဲပါသေးတယ်” လို့ ပြောပါတယ်။

တဖက်မှာလည်း အဲဒီ CD စက်ရုံက လက်ရှိအလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေကို အလုပ်ဖြုတ် လိုက်ပေမဲ့ လာမယ့် နိုဝင်ဘာလ‌အတွက် မြန်မာအလုပ်သမားသစ် ထပ်ခေါ်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အလုပ်သမားဟောင်းတွေကို ဖြုတ်ပြီး အလုပ်သမားသစ်တွေဆီက စမတ်ခတွေ အများကြီး ရနိုင်ဖို့ ခုလိုလုပ်တာပါဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

အဲဒီမြန်မာအလုပ်သမားတွေဟာ စက်ရုံမှာ အလုပ်ရရှိဖို့အတွက် ၃ လလောက်စောင့်ဆိုင်းနေရပြီး စမတ်ကြေး ၁၉,၀၀၀ ဘတ်ပေးသွင်းရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး စက်ရုံဘက်က တရားဝင် အလုပ်ခေါ်ချိန်မှာ တရားဝင် စာရွက်စာတမ်း အထောက်အထားအပြည့်အစုံနဲ့ အလုပ်ဝင်ခွင့်ရရှိထားသူတွေဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ အလုပ်သမားတွေအနေနဲ့ နစ်နာကြေးလည်း မလိုအပ်သလို အလုပ်လုပ်ခွင့်ရဖို့ကိုပဲ တောင်းဆိုချင်ပါတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘန်ကောက်မြန်မာအလုပ်သမားသံအရာရှိရုံးက​တော့ ထိုင်းနိုင်ငံ Cal-Comp Electronics စက်ရုံက မြန်မာရွှေ့ပြောင်းလုပ်သား ၁,၄၅၀ အလုပ်ဖြုတ်ခံရမှုကို  အလုပ်သမားသံအရာရှိရုံးက သွားရောက်ညှိနှိုင်းဆွေးနွေးပေးခဲ့တယ်။

အဆိုပါ စက်ရုံဟာ ကုန်အမှာစာကျဆင်းတဲ့အတွက် အလုပ်ရပ်စဲခဲ့တယ်လို့ ဖော်ပြပါတယ်။ အလုပ်သမားတို့ရဲ့ တောင်းဆိုချက်တွေနဲ့ စပ်လျဉ်းပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့မှူး၊ အလုပ်အကိုင်ဌာနရုံး၊ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး၊ စက်ရုံရှိ အမှုဆောင်အရာရှိတွေ၊ တာဝန်ခံတွေနဲ့  တွေ့ဆုံဆွေးနွေးခဲ့တာမှာ ဥပ​ဒေနဲ့အညီ အလုပ်ရပ်စဲဖို့၊ အလုပ်ထုတ်နစ်နာကြေး အပြင် ဂရုဏာကြေး ဘတ် ၁၀,၀၀၀ ကို  အောက်တိုဘာ ၁  ရက် ဒီနေ့မှာ စတင်ထုတ်ပေးဖို့၊ အလုပ်ရှင်သစ်ထံ လုပ်ကိုင်နိုင်တဲ့ အလုပ်ပြောင်းရွှေ့စာကို ထုတ်ပေးဖို့ စတဲ့အချက်တွေ သဘောတူညီခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013