
ဂျပန်နိုင်ငံမှ စက်ရုံ၊ ကုမ္ပဏီတွေက မြန်မာလုပ်သားခေါ်ဖို့ ကမ်းလှမ်းတဲ့ အရေအတွက် စံချိန်တင် လျော့ကျသွားတယ်လို့ စစ်ကောင်စီ သံရုံးရဲ့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။
တိုကျိုမြို့ရှိ စစ်ကောင်စီသံရုံးက ဂျပန်ဘက်က အလုပ်သမားခေါ်ဖို့ ကမ်းလှမ်းတဲ့ အရေအတွက်ကို တလကို ၂ ကြိမ် အသိပေး ထုတ်ပြန်နေတာဖြစ်ပြီး အရင်က တကြိမ်ကို ကမ်းလှမ်းခံရတဲ့ လုပ်သားဦးရေ ရာနဲ့ချီရှိတာ ဖြစ်ပါတယ်။
စက်တင်ဘာ ၃၀ ရက် ထုတ်ပြန်တဲ့စာရင်းမှာ အလုပ်ကမ်းလှမ်းစာ ၃ ခုက အမျိုးသမီးလုပ်သား ၁၅ ယောက်ကိုပဲခေါ်ဖို့ ကမ်းလှမ်းထားတာ တွေ့ရပါတယ်။
အဲဒီလို ကမ်းလှမ်းတဲ့ အရေအတွက် လျော့နည်းတာက မြန်မာဘက်က အလုပ်သမားစေလွှတ်ဖို့ ကြန့်ကြာမှုတွေ ရှိနေတာနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီ ကိုယ်စားလှယ်တယောက်က ပြောပါတယ်။
“သူတို့ဆီမှာ အလုပ်သမားတော့ လိုတယ်။ အလုပ်သမား လိုအပ်နေချိန်မှာ အချိန်မီ မပို့နိုင်ဘူး။ အဲဒီလိုဖြစ်နေတော့ ခေါ်ဖို့ကို ချိန်ဆလာတာမျိုး ဖြစ်နိုင်တယ်။”
စစ်ကောင်စီက ဂျပန် အပါအဝင် တခြားနိုင်ငံတွေဆီ အလုပ်သမား စေလွှတ်တာနဲ့ ပတ်သက်လို့ မတ်လကစပြီး အရေအတွက် ကန့်သတ်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံအတွက် ပြည်ပအလုပ်အကိုင်အေဂျင်စီတခုကို တလမှာ အလုပ်သမား ၁၅ ယောက်ပဲ အလုပ်ခေါ်စာ တင်ရမယ်လို့ စစ်ကောင်စီက ကန့်သတ်ထားတာပါ။
ဂျပန်နိုင်ငံက လုပ်ခလစာများတဲ့အတွက် သွားရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားသူ အများအပြား ရှိနေတာ ဖြစ်ပါတယ်။
အခုလို အလုပ်ကမ်းလှမ်းတာ နည်းသွားတာကြောင့် သွားရောက်လုပ်ကိုင်ခွင့် ရဖို့အတွက် စိုးရိမ်မှု ရှိလာတယ်လို့ အလုပ်သမားတချို့က ဆိုပါတယ်။
ဂျပန်နိုင်ငံမှာ အလုပ်လုပ်ဖို့ ပြင်ဆင်နေသူတယောက်က “နောက်ပိုင်း ထပ်တိုးကမ်းလှမ်းလာဖို့ကို မျှော်လင့်တယ်။ အခုအခြေအနေတိုင်းဆိုရင် မလွယ်ဘူး” လို့ ပြောပါတယ်။
လက်ရှိ အလုပ်သမား စေလွှတ်ခွင့် ကန့်သတ်ထားလို့ အင်တာဗျူးအောင်ပြီး အလုပ်ခေါ်စာ ကျထားပြီးပေမဲ့ ထွက်ခွင့်မရလို့ စောင့်ဆိုင်းနေရတဲ့ အလုပ်သမား ထောင်နဲ့ချီ ရှိနေတယ်လို့လည်း အဲဒီလုပ်ငန်း အသိုက်အဝန်းဆီက သိရပါတယ်။