
ထိုင်းနိုင်ငံတွင်းမှာ အလုပ်ရှာနေတဲ့ မြန်မာလုပ်သားတွေကို ပွဲစားတွေက မြန်မာ အချင်းချင်း အလုပ်သွင်းပေးခ အဆမတန် တောင်းခံပြီး၊ အလုပ်သမားတွေဟာ အလုပ်ဖြုတ်ခံရတာ၊ အလုပ် မသွင်းပေးဘဲ ငွေကြေး အလိမ်ခံရတာတွေ ကြုံနေရပါတယ်။
ထိုင်းနိုင်ငံတွင်းက မြန်မာလုပ်သားတွေအများဆုံး နေထိုင်လုပ်ကိုင်ကြတဲ့ မဟာချိုင်၊ ဘန်ကောက်၊ ချွန်ဘူရီတို့မှာ အလုပ်သမားတွေကို ပွဲစားတွေက အီလက်ထရောနစ်ရုံ၊ ကြက်သားရုံ၊ အုန်းသီးရုံ စတဲ့ အလုပ်ရုံတွေမှာ အလုပ်သွင်းပေးမယ်ဆိုကာ အလုပ်ရှာပေးတဲ့ အကျိုးဆောင်ခ (စမတ်ကြေး)အဆမတန် တောင်းခံနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက် အတွင်းကလည်း ထိုင်းနိုင်ငံ၊ ဖစ်ဘူရီ ခရိုင်တွင်းက အီလက်ထရောနစ် စက်ရုံတရုံမှာ မြန်မာအလုပ်သမား ၁၄၀၀ ကျော် ကြိုတင် အကြောင်းမကြားဘဲ အလုပ်ဖြုတ်ခံခဲ့ရပြီး၊ သူတို့ဟာ အလုပ်ရဖို့ တယောက်ကို စမတ်ကြေး ဘတ် ၁၉,၀၀၀ နီးပါး ပေးခဲ့ရတယ်လို့ သိရပါတယ်။
ရွှေ့ပြောင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့မှ ကိုဇော်က “စမတ်ခ ယူတာတွေ၊ ဝန်ဆောင်ခ တောင်းတာတွေက ကျနော်တို့ မြန်မာလူမျိုးအချင်းချင်း ကြားထဲမှာပဲ ဖြစ်တာ။ တချို့နေရာတွေ၊ တချို့စက်ရုံတွေဆိုရင် ဝန်ဆောင်ခ Free လို့ ကြေညာထားတယ်။ သို့သော်လည်း အလုပ်သမားထု ကိုယ်တိုင်က ကိုယ်တိုင် မသွားတတ်ဘူး။ မလာတတ်ဘူးဆိုရင် အေဂျင်စီသော်လည်းကောင်း၊ အေဂျင်စီမဟုတ်တဲ့ ကြားပွဲစားကို အကူအညီ တောင်းခံတယ်။ အကူအညီ တောင်းခံတဲ့နေရာမှာ အဆမတန် ကုန်ကျစရိတ် ပေးရတာတွေ တွေ့ရတယ်။ တချို့နေရာမှာကျ အေဂျင်စီလိုလို၊ ပွဲစားလိုလို လုပ်ပြီး အလုပ်သမားတွေရဲ့ အလုပ် မရှိတာ၊ မသိနားလည်တာတွေကို အခွင့်အရေး ယူပြီး လိမ်လည် လှည့်ဖျားတာတွေ အများကြီး ကြုံရတာပေါ့။ အလုပ်သမားထုတွေကို ကျနော်တို့ မှာချင်တာက အလုပ်အကိုင် အခွင့်အလမ်းတွေ ရှာမယ်ဆိုရင် အလုပ်ရုံ၊ စက်ရုံတွေမှာ ကိုယ်ကိုယ်တိုင် ကြိုးစားရှာကြည့်ပါ”လို့ ပြောပါတယ်။
ပွဲစားတွေကတဆင့် အလုပ်ရှာတယ်ဆိုရင် အလုပ်ရှာပေးခ စမတ်ကြေး အနိမ့်ဆုံး ဘတ် ၄,၀၀၀ ကနေ အမြင့်ဆုံး ဘတ် ၁၀,၀၀၀ ကျော်၊ ၂၀,၀၀၀ လောက်အထိ အလုပ်အမျိုးအစားနဲ့ အလုပ်ရုံပေါ်မူတည်ပြီး ပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
အခုလို ထိုင်းရောက် မြန်မာလုပ်သားတွေရဲ့ အလုပ် လိုအပ်ချက်နဲ့ မသိနားမလည်မှုကို ခုတုံးလုပ်ပြီး ပွဲစားတွေ ငွေကြေးအမြတ်စား လုပ်ကိုင်နေတာတွေဟာ မြန်မာနိုင်ငံက အလုပ်ရှားပါးမှုနဲ့ နိုင်ငံရေး အခြေအနေတွေကြောင့်လို့ အလုပ်သမားအရေး ကူညီပေးသူတွေက မှတ်ချက် ပေးပါတယ်။
AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက “အလုပ်သမားတွေ တော်တော်များများက အလုပ်လက်မဲ့တွေများတော့ နိုင်ငံရေး အခြေအနေပေါ်မှာပဲ မူတည်တာပေါ့။ ကိုယ့်နိုင်ငံက အခြေအနေကောင်းသွားမယ်ဆိုရင် ဒီပြဿနာတွေက လျော့သွားမှာ။ ကိုယ့်နိုင်ငံက အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိဘူး။ နိုင်ငံရေးက ဖရိုဖရဲ ဖြစ်နေရင်တော့ ဒါကြီးကို ဘယ်လိုနည်းနဲ့မှ ထိန်းချုပ်လို့ရမှာ မဟုတ်ဘူး။ အဲ့အလုပ်သမား ပုံလာတာနဲ့အမျှ အလုပ်ကောင်းတဲ့ စက်ရုံတွေက ဒီဖြစ်စဉ်တွေက ပုံမှန် ရှိသွားမှာပဲ။ အဲ့တော့ သူတို့ကိုက မပေးပါနဲ့လို့ တားတဲ့ ပုဂ္ဂိုလ်က အလုပ်အကိုင် ဖန်တီးပေးနိုင်ရမယ်။ အဲ့တော့ ကျနော်တို့က သူတို့ကို ပြောနိုင်ပေမဲ့ မဖန်တီးပေးနိုင်တဲ့အတွက် နိုင်ငံရေး မကောင်းမချင်း ဒီပြဿနာတွေက ဖြစ်နေဦးမှာပဲ။ အဲ့တော့ အလုပ်သမားတွေအနေနဲ့ ဒီနိုင်ငံရေး မကောင်းတဲ့ ကာလမှာ တချို့အရာတွေမှာ ပွဲစားတွေ ပြောတာ မယုံဖို့၊ ကိုယ့်ဘာကိုယ် ချင့်ချိန် ယုံဖို့ပဲ အကြံပေးချင်ပါတယ်”လို့ ပြောပါတယ်။
စစ်တပ် အာဏာမသိမ်းခင်ကတည်းက မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် တိုက်ပွဲတွေ ရှိခဲ့တာကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို မြန်မာပြည်သားတွေ ရွှေ့ပြောင်း နေထိုင်တာတွေ ရှိခဲ့ပြီး၊ အာဏာသိမ်းပြီးနောက်မှာ မြန်မာတွေ အလုံးအရင်း သန်းချီ ရွှေ့ပြောင်း နေထိုင်နေကြပါတယ်။
မြန်မာလုပ်သားတွေဟာ လုပ်ငန်းခွင်တွေမှာ အခွင့်အရေး ချိုးဖောက်ခံရတာတွေအပြင် မြန်မာအချင်းချင်း ငွေကြေး လိမ်လည်တာ၊ စမတ်ကြေး အဆမတန် တောင်းခံတာတွေ၊ လုပ်အားခ ပုံမှန် ရှင်းမပေးတာတွေ အများဆုံး ကြုံရတယ်လို့ အလုပ်သမားအရေး ကူညီပေးသူတွေက ပြောပါတယ်။
ဇွဲသစ်