
ထိုင်းနိုင်ငံ၊ ဟွာဟင်မြို့မှာ အောက်တိုဘာ ၆ ရက် မနက် ၂ နာရီက မြန်မာနိုင်ငံသား အမြွှာညီအစ်ကို မောင်းလာတဲ့ ဆိုင်ကယ်ကို တရုတ်နိုင်ငံသားတယောက် မောင်းလာတဲ့ ဆိုင်ကယ်က အနောက်ကနေ ဝင်တိုက်လို့ တယောက် သေဆုံးခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူဆီက ပြောပါတယ်။
အတိုက်ခံရတဲ့ အမြွှာညီအစ်ကို ၂ ယောက်ဟာ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာက ကိုကောင်းထိုက်စံနဲ့ ကိုကောင်းထက်စံတို့ ဖြစ်ကြပြီး ယာဥ်တိုက်မှုဖြစ်ပြီးနောက် ဆေးရုံပို့ဆောင်ခဲ့ကာ အောက်တိုဘာ ၆ ရက် ည ၇ နာရီခန့်မှာ အမြွှာအစ်ကိုဖြစ်သူ အသက် ၂၁ နှစ်အရွယ် ကိုကောင်းထိုက်စံ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
မိသားစုဝင်နဲ့ နီးစပ်သူတယောက်က “အလောင်းကိုတော့ ရင်ခွဲရုံမှာပဲ ထားတုန်းပါ။ သူ့အလုပ်ရှင်ဘက်က စာရွက်စာမ်းတွေ လိုက်လုပ်ပေးတယ်။ စာရွက်စာတမ်း မရသေးတော့ အလောင်းက ထုတ်မရသေးဘူးတဲ့။ သူ့ညီကတော့ အခု ပြန်သက်သာလာတယ် ဆိုပေမဲ့ စိတ်က မငြိမ်သေးဘူး။ သူတို့မိသားစုတွေတော့ ထိုင်းကို လာနေပြီလို့ သိရတယ်” လို့ ပြောပါတယ်။
ဒဏ်ရာရတဲ့ ညီဖြစ်သူ ကိုကောင်းထက်စံမှာတော့ ပြန်လည်သက်သာလာပြီဖြစ်ကာ တရုတ်နိုင်ငံသားကတော့ ဒဏ်ရာပြင်းထန်ပြီး သူတို့ ၂ ယောက်စလုံး ဆေးရုံမှာ ဆေးကုသမှု ဆက်လက်ခံယူနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ဆေးရုံက ရေခဲတိုက်မှာပဲ ထားရှိပြီးတော့ ကာယကံရှင်ရဲ့ မိသားစုဝင်တွေဆီ ဆက်သွယ် စောင့်ဆိုင်းနေကြဆဲဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။